ဇူလိုင် ၂၁ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်မြောက်ပိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်တို့တွင် နအဖစစ်အစိုးရ အာဏာပိုင်များက ယခုလဆန်း ပိုင်းမှစ၍ ပြည်သူ့စစ် အတင်းအဓမ္မ ကောက်ခံခဲ့သည်ဟု ကေအဲန်ယူက သတင်းထုတ်ပြန်သည်။
ယင်းသို့ကောက်ခံရာတွင် ကျောက်ကြီးမြို့နယ် ဘလောဂွင်ရှိ ကျေးရွာအုပ်စုတစုလျှင် လူ ၂၀ဦးနှင့် အရံ ၁၅ဦး ကောက်ခံပြီး မုန်းမြို့နယ် ဂွင် (၂) နှင့် (၃)တွင် ကျေးရွာအုပ်စုတအုပ်စုလျှင် (၆၀)ဦး ပြည်သူ့စစ်ထဲ မဖြစ်မနေ ၀င်ရမည်ဟု နအဖ အမှတ် (၂) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးတင်မောင် က ညွှန်ကြားကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကောက်ခံရရှိသည့် ပြည်သူ့စစ်အဖွဲ့ဝင်များကို နယ်မြေလုံခြုံရေးအတွက် စစ်တပ်နှင့်တွဲ၍ ထားရှိမည်ဖြစ်ပြီး ရွာသားများ ပြည်သူ့စစ်ထဲ မ၀င်ပါက ငွေကြေးပေးဆောင်ရသည်ဟု ညောင်လေးပင်ခရိုင် အခွန်တော်နှင့် ဘဏ္ဍာရေးဌာန တာဝန်ခံ ပဒိုစောတင်မောင်က ပြောသည်။
သူက “ပြည်သူ့စစ်ကောက်ခံတဲ့ ရည်ရွယ်ချက်က နယ်မြေလုံခြုံရေးအတွက် စစ်တပ်နဲ့တွဲပြီး ထားဖို့ပါ။ တခါတလေ သူတို့ (နအဖ)စခန်းမှာ စစ် သားသုံးလေး၊ ငါးယောက်ရှိလို့ရှိရင် အဲဒီပြည်သူ့စစ်နဲ့တွဲပြီးတော့ ထားတာရှိတယ်။ သူတို့ စကောက်တာက တော်တော်ကြာပြီ။ ပြည်သူတွေက မလိုလားဘူးလေ။ သူတို့တောင်းတဲ့လူဦးရေအတိုင်း မပေးနိုင်ရင် လူတယောက်ကို ကျပ်ငွေ ၅၀၀၀ ပေးရတယ်လို့ ကျနော်တို့သိရတယ်။ ပြည်သူ တွေက မလုပ်ချင်ကြတဲ့အတွက် အများအားဖြင့် ငွေနဲ့ပဲပေးချေတာ များပါတယ်”ဟု ပြောသည်။
တချိန်တည်းတွင် အဆိုပါ ပြည်သူ့စစ်များအတွက် မီးသတ်တပ်ဖွဲ့က လက်နက်များထုတ်ပေးသည်ဟု ကေအဲန်ယူထုတ်ပြန်ချက်တွင် ဖော်ပြပါရှိ သည်။
အဆိုပါ ပြည်သူ့စစ်ကို လွန်ခဲ့သည့်နှစ်အနည်းငယ်က ကောက်ခံခဲ့ဖူးသော်လည်း ယခုတကြိမ်သည် အရေအတွက် အများဆုံးဖြစ်ပြီး ကောက်ခံသူ များကလည်း ၎င်းတို့အတွက်ပါ ရရှိရန် ပိုပိုသာသာ ပြောဆိုကောက်ခံခဲ့သည်ဟုလည်း ပဒိုစောတင်မောင်က ဆက်လက်ပြောဆိုသည်။
“အထက်က ကောက်ခိုင်းတာက (၁၀)ယောက်ဆိုလို့ရှိရင် သူတို့က (၁၅)ယောက်လောက်ကောက်မယ်။ ဥပမာ (၁၅)ယောက်လုံးလုံး မရလို့ရှိ ရင် ကျန်တဲ့လူတွေကို ဒဏ်ငွေရိုက်မယ်။ ရတဲ့ပိုက်ဆံက သူတို့အတွက်ပဲပေါ့။ ဒါတွေဟာ ပြည်သူတွေကို ငွေကောက်ခံတဲ့ စနစ်တခုပါပဲ”ဟု ၎င်း က ပြောသည်။
ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးနှင့် မုံးမြို့နယ်တို့တွင် နအဖ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းများဖြစ်သည့် ခမရ(၅၉၀)၊ (၅၉၉)နှင့် ခလရ(၆၀)တို့အပြင် ကေအဲန်ယူ တပ်ရင်း(၈)နှင့် တပ်ရင်း(၉)တို့လည်း အခြေချလှုပ်ရှားလျှက်ရှိပြီး ၎င်းဂွင်ထဲတွင် နအဖစစ်တပ်ကို အတွေ့မခံသည့် ရွာပုန်းရွာရှောင် (၄၀)နီးပါးရှိသည်ဟု သိရသည်။
သတင်းပေးပို့သူ နော်ဖေါဂေအားကျေးဇူးတင်ပါသည်။
No comments:
Post a Comment