Monday, August 10, 2009

ဒီကေဘီအေနှင့် နအဖတပ်တို့ ပစ်ခတ်မှုဖြစ်ပွား နအဖဘက်မှ (၃) ဦး သေဆုံး

သြဂုတ် ၁၀ ၂၀၀၀၉

ယနေ့နံနက်တွင် နအဖစစ်သား (၂) ဦးနှင့် ရဲ (၁) ဦးကို ပစ်သတ်သွားသည့် ဒီကေဘီအေတပ်ဖွဲ့ဝင် (၃) ဦးအား နအဖနှင့် ဒီကေဘီအေတို့ ပူးပေါင်းကာ အပူတပြင်းတောနင်းရှာဖွေလျက်ရှိသည်။

တိုးတက်သောဗုဒ္ဒဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) တပ်မဟာ (၅) မှ အရာရှိတဦးဖြစ်သူ ဗိုလ်စောဖာထောနှင့်တပ်သား (၂) ဦးသည် မြ၀တီမှ ကားဖြင့် ကော့ကရိတ်သို့အဆင်း အောက်ဘိုတဲအရောက်တွင် နအဖစစ်တပ်ဂိတ်မှ ၎င်းတို့ကားကို ရပ်တန့်ခိုင်းရာမှ ပစ်ခတ်မှုဖြစ်ပွားပြီး နအဖတပ်သားနှင့်ရဲတို့ သေဆုံးခြင်းဖြစ်သည်။

၎င်းတို့စီးလာသည့်ကားကိုထား၍ တောထဲဝင်ပြေးသွားသည့် စောဖာထောနှင့်အဖွဲ့နောက်သို့ နအဖနှင့်ဒီကေဘီအေ တပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေလျက်ရှိသော်လည်း ဖမ်းဆီးရမိခြင်းမရှိသေးဟု ဒီကေဘီအေဘက်က ပြောသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ဒီကေဘီအေတပ်မဟာ (၅) မှ အရာရှိတဦးက “ဖာထောတို့ကိုဖမ်းဖို့ နယ်စပ်မှာ တပ်လှန့်ထားတယ်။ ဖာထောဟာ ဒီမနက်လေးနာရီမှာ တပ်ရင်း (၉၀၇) ထောက်လှမ်းရေးမှူး စောအောင်ချစ်အိမ်ကို သူ့လူတွေနဲ့လာပစ်ခတ်ပြီးတော့ ကော့ကရိတ်ကိုအဆင်းမှာ ဒီပြဿနာပေါ်တာ” ဟု ပြောသည်။

ဒီကေဘီအေတပ်မဟာ (၅) မှူး ဗိုလ်မှူးချုပ်စောလားပွယ်အနေဖြင့် နအဖနှင့် ပြဿနာအဖြစ်မခံနိုင်ကြောင်း၊ သေသေရှင်ရှင် အမိဖမ်းရန်နှင့် ကေအန်ယူထံ လုံးဝအရောက်မခံနိုင်ကြောင်း၊ ၎င်း၏ လက်အောက်ခံတပ်ရင်းများနှင့် ဒီကေဘီအေ (၉၉၉) တပ်မဟာကိုလည်း ကြေးနန်းပို့ထားကြောင်း ထိုအရာရှိက ပြောသည်။

မြ၀တီတွင် ဒီကေဘီအေအချင်းချင်း ပိုက်ဆံကိစ္စကြောင့် ပြဿနာစတင်ဖြစ်ပွားရာမှ ကော့ကရိတ်အဆင်းတွင် ယခုကဲ့သို့ နအဖတပ်နှင့် ပစ်ခတ်မှုဆက်လက်ဖြစ်ပွားခြင်းဖြစ်သည်ဟု သိရသည်။

တပ်မဟာ (၅) အခြေစိုက်ရာ မြ၀တီခရိုင်ဝေါ်လေရွာသားတဦးက “ဒီမနက် အောင်ချစ်အိမ်ကို ဆဲဆိုပြီး လာပစ်တာ ပိုက်ဆံကိစ္စလို့ ပြောတယ်။ လူတော့ တယောက်မှမထိဘူး။ ကားနဲ့လာတာ၊ ပစ်ပြီးတာနဲ့ပြန်သွားတယ်။ မိုးတောင်မလင်းသေး ဘူး” ဟု ပြောသည်။

ဒီကေဘီအေနှင့်အလုပ်လုပ်သည့် ကုန်သည်တဦးက “သူတို့ပြဿနာကကြီးတယ်။ အောင်ချစ်တို့၊ ဖာထောတို့က ခိုးကားသွင်းတယ်။ ကန့်သတ်ကုန်တွေ သယ်တယ်။ ဘားအံကနေ မြ၀တီကိုလူတင်တယ်။ အောင်ချစ်က မြ၀တီက ရဲနဲ့စစ်တပ်ကိုပိုင်တော့ ရတဲ့ဟာကို နှစ်ပေါက်တပေါက်ရိုက်ပြီး နည်းနည်းပဲပေးတော့ အခုလိုပြဿနာဖြစ်ကြတာ” ဟု ပြောသည်။
လာမည့် ၂၀၁၀ ခုနှစ်ကုန်တွင် ဒီကေဘီအေအဖွဲ့ကို ဖျက်သိမ်းပြီး နယ်ခြားစောင့်တပ်အဖြစ် အသွင်မပြောင်းမီ ဒီကေဘီအေ ခေါင်းဆောင်ပိုင်းများသည် အချိန်တိုအတွင်း ငွေအမြောက်အမြား ရရှိမည့်လုပ်ငန်းများကို ဒေသခံအာဏာပိုင်များနှင့်ပေါင်း၍ လုပ်ကိုင်နေကြသည်ဟု ၎င်းကုန်သည်က ပြောသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)