Wednesday, August 12, 2009

နအဖစစ်တပ်နှင့် ကိုးကန့်တပ်ဖွဲ့အကြား နှစ်ဘက် ပစ်ခတ်လုနီးပါး အခြေအနေဖြစ်

ခိုင်လင်း / ၁၁ သြဂုတ် ၂၀၀၉

ယခုလ (၈) ရက်တွင် ရှမ်းပြည်အရှေ့မြောက်ပိုင်း၊ ကိုးကန့်ဒေသအတွင်း နအဖနှင့် အပစ်ခတ်ရပ်စဲရေး ပြုလုပ်ထားသည့် မြန်မာနိုင်ငံ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်နှင့် ဒေသခံစစ်တပ်အကြား နှစ်ဘက် ပစ်ခတ်လုနီးပါးအထိ ပြဿနာဖြစ်ခဲ့သည်။

လောက်ကိုင်ဒေသကွပ်ကဲရေးစစ်ဌာနချုပ်မှ ကင်းတပ်ခွဲတခွဲ၊ မူးယစ်အဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့ စုစုပေါင်း လူအင်အား (၇၀) ခန့်ဖြင့် ကိုးကန့်တပ်ဖွဲ့ ဥက္ကဋ္ဌ ဖုန်ကျားရှင်၏ နေအိမ်သို့ ၀င်ရောက်ရှာဖွေရန် သွားရောက်စဉ် ကြိုတင်သတင်းရထားသည့် ကိုးကန့်တပ်ဖွဲ့မှ လက်ဦးမှုယူကာ ၀ိုင်းဝန်းပိတ်ဆို့ခဲ့ရသည်ဟု ကိုးကန့်တပ်ဖွဲ့ ခေါင်းဆောင်များနှင့်နီးစပ်သူ ဒေသခံတဦးက ပြောသည်။

၎င်းက “မနက်စောစောပိုင်းမှာ နန့်ဆာနဲ့ ရန်လုံကျိုက်ကျေးရွာမှာ မူးယစ်ဆေးဝါး ဖမ်းမယ်ဆိုပြီး လောက်ကိုင်မြို့ထဲက ထွက်သွားတာ။ အမှန်တော့ ဖုန်ကျားရှင်ရဲ့ အိမ်ထဲက ဂိုဒေါင်ကို စစ်ဆေးဖို့သွားတာ။ သူတို့က လက်နက်တွေ အဲဒီမှာ ထားတယ်လို့ ထင်ပုံရတယ်။ အဲဒီမှာ ကိုးကန့်တပ်ဖွဲ့အင်အား (၃၀၀) လောက်က ဆီအောနဲ့ ရန်လုံကျိုက်အကြားမှာ အဲဒီအဖွဲ့ကို မနက် (၈) နာရီခွဲလောက်ကနေ ပိတ်ဆို့ပြီး ၀ိုင်းလိုက်တယ်” ဟု ပြောသည်။

ထိုသို့ ပိတ်ဆို့ထားစဉ် ကိုးကန့်တပ်ဖွဲ့ဥက္ကဋ္ဌ ဖုန်ကျားရှင် နေ့လယ်ပိုင်း (၂) နာရီခွဲ၌ ရောက်ရှိသွားပြီး ဂိုဒေါင်သို့ စစ်ဆေးလိုက စစ်ဆေးနိုင်ကြောင်း၊ သို့သော်လည်း လက်နက်ယူဆောင်ခွင့်မပြုဟု ပြောဆိုခဲ့ပြီးနောက်ပိုင်း အဆိုပါတပ်ဖွဲ့မှာ ပြန်လည်ဆုတ်ခွာ သွားခဲ့သည်ဟု ယင်းဒေသခံက ဆက်လက်ပြောသည်။

အခင်းဖြစ်ပြီးနောက်တနေ့တွင် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် လောက်ကိုင်ဒေသ ကွပ်ကဲရေးစစ်ဌာနချုပ်သို့ ရောက်ရှိလာပြီး ဥက္ကဋ္ဌ ဖုန်ကျားရှင်အား တွေ့ဆုံတောင်းပန်လိုကြောင်း ပြောဆိုခဲ့ရာ ဥက္ကဋ္ဌ ဖုန်ကျားရှင်က တွေ့ဆုံရန် ငြင်းဆိုလိုက်ပြီး ညနေပိုင်းတွင် သာမန်ခေါင်းဆောင်အချို့နှင့် တွေ့ခဲ့သည်ဟု ကိုးကန့်တပ်ဖွဲ့ ခေါင်းဆောင်များနှင့်နီးစပ်သူ ဒေသခံက ပြောသည်။

ယခုကဲ့သို့ နှစ်ဖက်အကြား အခြေအနေတင်းမာနေစဉ်အတွင်း ဒေသခံအရပ်သား (၁) သောင်းကျော်ခန့် တရုတ်ပြည်ဘက် ခြမ်းသို့ တိမ်းရှောင်ခဲ့သဖြင့် ဒေသတည်ငြိမ်မှု ပျက်ပြားသွားခဲ့ရသည်ဟု တရုတ်-မြန်မာနယ်စပ်ရှိ စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

“သေနတ်တွေ ပစ်ကြခတ်ကြတဲ့အထိ ရောက်မလာဘူး။ ဖုန်ကျားရှင်ရဲ့အိမ်ကို ၀င်စစ်မယ်ဆိုတဲ့ သူတို့ရန်စမှုရဲ့ ရည်ရွယ်ချက် မအောင်မြင်ပါဘူး။ ဒါပေမယ့် ဒေသခံလူထုတွေ အထိတ်တလန့်ဖြစ်ပြီး ၀ရုန်းသုဉ်းကားနဲ့ ထွက်ပြေးကြတယ်။ ဒေသတည်ငြိမ်မှုကို ပျက်ပြားအောင်လုပ်တာတော့ အောင်မြင်တယ်လို့ ပြောလို့ရမယ်” ဟု ၎င်းက သုံးသပ်သည်။

ယခုဖြစ်ရပ်သည် ဥက္ကဋ္ဌ ဖုန်ကျားရှင်အား စော်ကားရန်စသည့်လုပ်ရပ်ဖြစ်သကဲ့သို့ ဒေသအတွင်း မတည်မငြိမ်ဖြစ်ကာ စီးပွားရေးလုပ်ငန်းများလည်း ထိခိုက်စေရန် နအဖဘက်မှ ဆောင်ရွက်ခဲ့ကြောင်း၊ ယခုလ (၅) ရက်ကလည်း ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်အခြေစိုက် အမှတ် (၉၁၇) အင်ဂျင်နီယာတပ်မှ အင်အားအချို့ထုတ်နုတ်ပြီး ကိုးကန့်နယ်ရှိ တာ့ရွှေထန်ကျေးရွာအနီးသို့ လာရောက်တပ်စွဲစေခဲ့ကြောင်း၊ ၀ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်နှင့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ ထိန်းချုပ်ရာနယ်မြေအနီးသို့လည်း အလားတူ စစ်တပ်များ၊ အင်အားဖြည့်တင်းမှုများလုပ်ကာ လူထုအထိတ်တလန့်ဖြစ်ပြီး တည်ငြိမ်မှုပျက်ပြားအောင် လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း၊ ယနေ့ကာလတွင် နအဖဘက်မှ တိုက်ခိုက်ရန်အထိ မဖြစ်နိုင်သေးကြောင်း ဦးအောင်ကျော်ဇောက ပြောသည်။
သြဂုတ် (၁၀) ရက်တွင် တရုတ်ပြည်ဘက်ခြမ်းမှ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့တဖွဲ့ လောက်ကိုင်မြို့သို့ ရောက်ရှိခဲ့ပြီး ယခုအဖြစ်အပျက်နှင့် ပတ်သက်၍ မေးမြန်းစုံစမ်းမှုများ ပြုလုပ်သွားခဲ့ကာ တရုတ်ပြည်ဘက်သို့ တိမ်းရှောင်သွားသည့် လူများလည်း ပြန်ရောက်လာကြပြီး အခြေအနေ ပုံမှန်ပြန်ဖြစ်လာနေကြောင်း လောက်ကိုင်မြို့မှ ကုန်သည်တဦးက ပြောသည်။

No comments:

Post a Comment