Sunday, September 2, 2012

ပြည်ပရောက် အတိုက်အခံ နိုင်ငံရေးလှုပ်ရှားသူ (၇) ရန်ကုန်ရောက်ရှိ


2012-09-01

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဋ္ဌဟောင်းတွေဖြစ်တဲ့ ကိုမိုးသီးဇွန်နဲ့ ဦးထွန်းအောင်ကျော်တို့ အပါအ၀င် ပြည်ပရောက် အတိုက်အခံနိုင်ငံရေးလှုပ်ရှားသူ (၇) ဦးဟာ (၂၄) နှစ်တာအတွင်း ပထမဆုံးအကြိမ် အဖြစ် မြန်မာနိုင်ငံကို ဒီကနေ့ ရောက်ရှိလာခဲ့ ပါတယ်။


RFA
ကိုမိုးသီးဇွန်နှင့် ပြည်ပအတိုက်အခံနိုင်ငံရေး လှုပ်ရှားသူများ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့က ရန်ကုန်လေဆိပ် ကားတစင်းပေါ်ကနေ ပရိသတ်ကို နှုတ်ဆက်စကား ပြောကြားနေစဉ်။

၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှု အရေးတော်ပုံ ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန်နဲ့ အဖွဲ့ကို ပရိသတ် (၅၀၀) လောက် ရန်ကုန်လေဆိပ်မှာ သွားရောက်ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဦးမိုးသီးဇွန်ကို ကြိုဆိုပါ၏ ဆိုတဲ့ လက်ကိုင်ပိုစတာတွေကို ကိုင်ဆောင်ကြိုဆိုခဲ့ကြသလို ကိုမိုးသီးဇွန်ကလည်း ကားတစင်းပေါ်ကနေ ပရိသတ်ကို နှုတ်ဆက်စကား ပြောကြားခဲ့ပါတယ်။

ကိုမိုးသီးဇွန်ဟာ အခုခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နဲ့ တကွ အစိုးရ အဖွဲ့ဝန်ကြီးတွေ၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ အပါအ၀င် ဒီမိုကရေစီရေး ဦးဆောင် လှုပ်ရှားနေသူတွေကိုပါ တွေ့ဆုံ ဆွေးနွေးမယ်လို့ သိရပါတယ်။

ပြည်ပရောက် နိုင်ငံရေး အတိုက်အခံတွေ ဒီ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို ပြန်လာနေကြရာမှာ ဒီကနေ့ ကိုမိုးသီးဇွန်၊ ဦးထွန်းအောင်ကျော်တို့နဲ့ အတူ ဦးကိုကိုလေး၊ ဦးမူးသာ၊ ဦးရေအေး၊ ဦးကိုကိုအောင်နဲ့ ဦးရွှေစင်တို့ လည်းရောက်ရှိလာကြ ပါတယ်။

မြန်မာပြည်သူတွေကို တွေ့ရတာဟာ သူ့အနေနဲ့ အပြည့်အဝ မပျော်နိုင်သေးကြောင်း၊ မြန်မာပြည် ပြန်လည် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးတွေ အတွက် သူ့အနေနဲ့ အခွင့်အရေးရသမျှ ကြိုးပမ်း လုပ်ဆောင်သွားမယ်လို့ ကိုမိုးသီးဇွန်က ပြောပါတယ်။ ကိုမိုးသီးဇွန်ဟာ ရွှေတိဂုံဘုရားကို သွားရောက်ဖူးမျှော်ခဲ့သလို ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ရဲ့ `စေတနာဝသန်` ရံပုံငွေ ဂီတဖျော်ဖြေပွဲကိုလည်း သွားရောက်အားပေးခဲ့ပါတယ်။ အဲဒီဂီတပွဲကိုရောက်နေခိုက် ကိုမိုးသီးဇွန်ကို RFA ကိုဥာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

           
Source: http://www.rfa.org/burmese/news/moetheezun-arrive-rangoon-09012012103335.html

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)