Friday, July 24, 2009

မြန်မာကို အာဆီယံကထုတ်ရန် အကြောင်းမရှိဟု ထိုင်းဝန်ကြီးချုပ်ပြောကြား

၂၄ ဇူလိုင် ၂၀၀၉

စစ်အစိုးရအုပ်ချုပ်နေသည့် မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ပစ်ရန်မှာ လုံလောက်သည့် အကြောင်းများ မရှိကြောင်း ထိုင်းဝန်ကြီးချုပ် မစ္စတာအဖိဆစ်က ပြောကြားလိုက်သည်။

စစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးပါက မြန်မာနိုင်ငံကို အာဆီယံအဖွဲ့အတွင်းမှ ထုတ်ပယ်ပစ်ရန် စဉ်းစားသင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ကလင်တန်က ထိုင်းတီဗွီနှင့်တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည့်အပေါ် လက်ရှိအာဆီယံအဖွဲ့ဥက္ကဋ္ဌ တာဝန်ယူထားရသည့် ထိုင်းနိုင်ငံ၏ ၀န်ကြီးချုပ် မစ္စတာအဖိဆစ်က ယမန်နေ့က ပြန်လည်တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းဧဂျင်စီတွင် ဖော်ပြသည်။

အာဆီယံအနေဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်သည်ကို မြင်လိုပြီး ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုထားမှု အပါအ၀င် မြန်မာနိုင်ငံအခြေအနေများကို စောင့်ကြည့်နေသည်ဟုလည်း မစ္စတာအဖိဆစ်က ပြောကြားခဲ့သည်။

မစ္စစ်ကလင်တန်က မြန်မာနိုင်ငံကို အာဆီယံမှ ထုတ်ပယ်ရန်ပြောဆိုလိုက်ခြင်းသည် အမေရိကန်ပြည်ထောင်စု၏ မြန်မာနိုင်ငံအပေါ်ထင်ဟပ်စေသည့် အမြင်တခုသာဖြစ်သည်ဟု ထိုင်းဝန်ကြီးချုပ်ကပြောကြားလိုက်ကာ “တကယ်လို့ ဒီလို လုပ်လိုက်ရင်လည်း မြန်မာနိုင်ငံဟာ ပိုပြီးအထီးကျန်သွားပြီး ပြဿနာတွေကို ဖြေရှင်းနိုင်မှာမဟုတ်ဘူး” ဟုလည်း ၎င်းက ပြောကြားသည်။

မြန်မာစစ်အစိုးရက အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်နေပါသည်ဟု ပြောဆိုနေပြီး ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားခြင်းသည် တရားဥပဒေပိုင်းဆိုင်ရာကိစ္စဟု စစ်အစိုးရက အခိုင်အမာပြောဆိုနေသဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသည့်အမှုနှင့်ပတ်သက်၍ မြန်မာစစ်အစိုးရကို အာဆီယံက စောင့်ကြည့်နေသည်ဟု မစ္စတာအဖိဆစ်က ပြောသည်။

၎င်းက “အာဆီယံနဲ့ အနောက်နိုင်ငံတွေဟာ ရည်မှန်းချက်ခြင်းတူပေမယ့် မူဝါဒခြင်းတော့ တူချင်မှတူမှာပါ၊ အာဆီယံအနေနဲ့ ပြဿနာကိုဖြေရှင်းဖို့ အပြုသဘောဆောင်တဲ့ မူဝါဒကို ဆက်လက်ကျင့်သုံးရမှာပါ” ဟု ပြောသည်။

အခြားနိုင်ငံများက မြန်မာနိုင်ငံအပေါ် ချဉ်းကပ်ပုံသည် ကိုယ့်နည်းကိုယ့်ဟန်နှင့်ရှိကြသော်လည်း မြန်မာ့အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းရှိနိုင်ငံများကမူ မတူညီကွဲပြားသည့် ဆက်ဆံမှုနည်းလမ်းများဖြင့် ချဉ်းကပ်လုပ်ဆောင်ကြရသည်ဟုလည်း ထိုင်းဝန်ကြီးချုပ်က ထည့်သွင်းပြောကြားသွားကြောင်း ထိုင်းသတင်းဧဂျင်စီတွင် ဖော်ပြသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏နေအိမ်ခြံဝင်းအတွင်းသို့ အမေရိကန်နိုင်ငံသားတဦး ၀င်ရောက်ခဲ့ပြီးသည့်နောက် နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် စစ်အစိုးရ၏ တရားစွဲဆိုခြင်းခံနေရပြီး တရားခွင်တွင် နှစ်ဖက်သက်သေများ၏ လျှောက်လဲချက်များကို ယနေ့နောက်ဆုံး ကြားနာမည်ဖြစ်သည်။

စစ်အစိုးရက ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်ထောင်တွင် ဖမ်းဆီးပြီး ရုံးတင်တရားစွဲဆိုထားသည့်အပေါ် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာက စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးရန် တောင်းဆိုနေကြသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)