Friday, July 24, 2009

ဒေါ်အောင်ဆန်းစုကြည်ရုံးချိန်းနေ့ အားပေးသူများ စုစည်း လုံထိန်းရဲများ အင်းစိန်ထောင်ပတ်ဝန်းကျင် အင်အားပြ

၂၄ ဇူလိုင် ၂၀၀၉

အင်းစိန်ထောင်ဝင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်အမှုကို ယနေ့ အပြီးသတ်လျှောက်လဲချက်ပေးမည်ဖြစ်ရာ ထောင်ပြင်ပ အင်းစိန်ဈေးတ၀ိုက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံသူအချို့ စုစည်းရောက်ရှိနေသည်ဟု မျက်မြင်တွေ့ရှိသူ များက ပြောသည်။

လုံထိန်းတပ်ဖွဲ့ဝင်များမှာလည်း ယခင်နှင့်မတူ အင်အားပြလျက်ရှိကြောင်း မြင်တွေ့ခဲ့သူ အင်းစိန်မြို့ခံတဦးက ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ တပတ်ကျော် ရုံးချိန်းတုန်းက အင်းစိန်ဈေးရှေ့က ဒေါ်စုကို အားပေးထောက်ခံသူတွေ ထိုင်ပြီး စုဝေးတဲ့ နေရာကို လုံထိန်းရဲတွေ သိမ်းပိုက်ထားတော့ အဲဒီနေရာမှာ မစုနိုင်ခဲ့ဘူး။ ဒီတပတ်တော့ အဲဒီနေရာမှာ ဒေါ်စုကို ထောက်ခံသူ (၃ဝ-၄ဝ) ကျော်လောက် စုပြီးထိုင်နေတာ တွေ့ရတယ်။ လုံထိန်းရဲတွေကိုတော့ အဲဒီ အင်းစိန်ဈေးရှေ့ နေရာအနှံ့ ဖြန့်ပြီး ချထားတာ စုစုပေါင်း (၃ဝဝ) ဝန်းကျင်လောက်ရှိမယ်။ ပေါက်တောဝဘက် အခြမ်းမှာလည်း အင်အား ဒီလောက်ပဲရှိမယ်။ အင်းစိန်ရှေ့ လက်ဖက်ရည်ဆိုင်တွေမှာတော့ အရပ်ဝတ် လုံခြုံရေးနဲ့ စွမ်းအားရှင်လို့ ယူဆရသူတွေချည်းပဲ ထိုင်နေကြတာ တွေ့ရတယ်” ဟု ပြောသည်။

ယခုတပတ် ထူးခြားချက်မှာ အင်းစိန်ခုံးတံတားပေါ်တွင် လုံထိန်းရဲ အယောက် (၂ဝ) ကျော်ခန့် တန်းစီ နေရာချထားပြီး ခုံးတံတားကျော်မည့်သူများထဲမှ မသင်္ကာသူများကို ခေါ်ယူစစ်ဆေးနေကာ ခုံးကျော်တံတားအောက်က ဖြတ်သန်းသူများကိုလည်း စောင့်ကြည့်လျက်ရှိသည်။

အင်းစိန်ဈေး အရှေ့ဘက်ခြမ်းတွင် လုံထိန်းကား (၆) စီးနှင့် လမ်းတဖက်တချက်တွင်လည်း လုံထိန်းကား (၄) စီးရပ်ထားပြီး ရဲများက လမ်းများပေါ်တွင် ဖြန့်ကြက်နေရာယူထားကာ လမ်းကြိုလမ်းကြားတို့၌လည်း ရဲများကို နေရာချထားကြောင်း၊ အင်းစိန်ဈေးရှေ့မှ ထောင်ဘူးဝသွားသည့်လမ်းကိုမူ ယခင်ကဲ့သို့ သံဆူးကြိုးကာ ပိတ်ဆို့ထားပြီး ရဲများက စောင့်ဆိုင်းနေသည်ဟု သိရသည်။

အင်းစိန်မြို့ခံတဦးက အင်းစိန်ဈေးပတ်ဝန်းကျင်တွင် ဈေးသည်၊ ဈေးဝယ် ခြောက်သွေ့နေပြီး လုံထိန်းရဲ၊ အရပ်ဝတ်လုံခြုံရေး၊ စွမ်းအားရှင်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများသာရှိကြောင်း ပြောသည်။

ရန်ကုန်မြို့တွင်း အခြေအနေမှာမူ ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေကြပြီး ထူးခြားမှု တစုံတရာ မတွေ့ရကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)