Wednesday, August 12, 2009

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ပြန်ထား

Tuesday, 11 August 2009 14:19 ကိုစိုး

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား ၎င်းရင်ဆိုင်နေရသည့် အမှုနှင့်ပတ်သက်ပြီး ယနေ့တွင် အင်းစိန်ထောင်တွင်း အထူးတရားရုံးက နေအိမ်အကျယ်ချုပ် ၁ နှစ်ခွဲ စီရင်ချက်ချမှတ် လိုက်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကပြောသည်။

“၃ နှစ်ချတာတဲ့ ၊ အဲဒါကို ပြည်ထဲရေး အမိန့်နဲ့ ၁ နှစ် ခွဲ ကိုလျှော့ပေါ့ပြီးတော့ နေအိမ်မှာ အကျယ်ချုပ် ချုပ်ဖို့ သတ်မှတ်လိုက်တယ်လို့ ပြောတယ်၊ မြန်မာ့ရုပ်သံကလည်း ကြေညာသွားတယ်”ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်ဆွေက ဧရာဝတီသို့ ပြောသည်။

[(ဓာတ်ပုံ - အေအက်ဖ်ပီ)]
ယင်းသို့ ပြစ်ဒဏ်လျှော့ပေါ့ရခြင်းသည် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်အရဖြစ်ကြောင်း၊ ထိုအမိန့်ကို ပြည်ထဲရေး ဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက တရားခွင်သို့ လာရောက်ဖတ်ကြားသွားကြောင်း သိရသည်။

ထို ပြစ်ဒဏ်လျှော့ပေါ့ရခြင်း အကြောင်းအရင်းမှာ ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း ၏ သမီးဖြစ်၍ လည်းကောင်း၊ အာဃာတ မထား၍ လည်းကောင်း ဖြစ်သည်ဟုလည်း ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခုနေအိမ် အကျယ်ချုပ်ပြစ်ဒဏ် ၁ နှစ် ခွဲ ချမှတ်ခံထားရသော်လည်း သတ်မှတ် စည်းမျဉ်းစည်းကမ်းများကို လိုက်နာပါက လွတ်ငြိမ်းချမ်းသာခွင့် ရနိုင်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေသူ ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းမမ တို့သည်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တတွဲတည်း ပြစ်ဒဏ်ချမှတ်ခံရကြောင်း၊ မစ္စတာ ဂျွန် ဝီလျံ ယက်ထောကို ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက် ကြောင်းလည်း သိရသည်။

ယနေ့ ဒေါ်အောင်ဆန်းစုကြည် တရားခွင်သို့ နိုင်ငံခြားသံတမန်များ၊ သတင်းထောက်များကို ဝင်ရောက်ခွင့် ပြုကြောင်း NLD က ပြောသည်။

ယင်း ဒေါ်အောင်ဆန်းစုကြည် စီရင်ချက်ချရာ အင်းစိန်ထောင်နှင့် အနီးတဝိုက်တွင်လည်း ရဲ တပ်သားများ အပါအဝင် လုံခြုံရေး တပ်ဖွဲ့ဝင် များစွာ ချထားကြောင်း တွေ့မြင်ရသူ တဦးကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏အိမ်သို့ တိတ်တဆိတ်ဝင်ရောက်ခဲ့သော ဂျွန် ၀ီလျံ ယက်ထော အမှုနှင့် ပတ် သက် ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်း ထောင်သို့ ခေါ်ဆောင်၍ တားဆီးမိန့် ချိုးဖောက်မှု ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုလိုက်ကာ မေလ ၁၈ ရက်နေ့မှ စတင် ၍ အစိုးရ တရားလိုပြ သက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး မေလ၂၆ နေ့တွင် ဒေါ်အောင်ဆန်း စုကြည်ကို စစ်ဆေးခဲ့သည်။ ပုဒ်မ ၂၂ သည် ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ် အထိ ကျခံရနိုင် ကြောင်း သိရသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထောသည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ်သည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)