Wednesday, August 12, 2009

ယက်ထောပြစ်ဒဏ် အမေရိကန်အစိုးရ ဝေဖန်

Wednesday, 12 August 2009 16:35 ရန်ပိုင်

အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်ထောအား ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်၍ စစ်အစိုးရကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဝေဖန်လိုက်သည်။

သြဂုတ်လ ၁၁ ရက်နေ့တွင် မစ္စတာ ဂျွန် ၀ီလျံ ယက်ထောအား အင်းစိန်ထောင်တွင်း အထူးတရားရုံးက အလုပ်ကြမ်း နှင့်ထောင်ဒဏ် ၇ နှစ် ချမှတ်ခြင်းနှင့်ပတ်သက်၍ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဝေဖန်ပြောကြား ခဲ့ပြီး ဒေါ် အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများ အပါအ၀င် မစ္စတာ ယက်ထောကို အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုလိုက်သည်ဟု AP သတင်းအရ သိရသည်။

အမေရိကန်အစိုးရ ပြောရေးဆိုခွင်ရှိသူ P. J Crowley ကလည်း မစ္စတာ ယက်ထောအား အလုပ်ကြမ်းနှင့် ထောင် ဒဏ် ၇ နှစ် ချမှတ်ခဲ့ခြင်းသည် လူသားချင်းသနားမှု ကင်းမဲ့သောလုပ်ရပ်ဖြစ်ပြီး သူ့ ကျန်းမာ ရေးနှင့် ပတ်သက်၍ စိုးရိမ်သည်ဟု ပြောသည်။

ဂျွန် ၀ီလျံ ယက်ထော ၏ ဇနီးဟောင်းက “သူ့ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ်ချလိုက်တာကို အရမ်းအံ့သြတယ်၊ သူဟာ ရောဂါသည် တယောက်ဖြစ်တဲ့အတွက် ဒီလိုမျိုး အလုပ်ကြမ်းအပြစ်ဒဏ်ကို ခံနိုင်မှာမဟုတ်ဘူးလို့ထင်တယ်၊ မကြာခင်သူပြန်လွတ်လာမယ်လို့ ယုံကြည်တယ်” ဟု ပြောကြောင်း AP သတင်းတွင် ဖော်ပြထားသည်။
ဂျွန် ၀ီလျံ ယက်ထောကို ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး
(အရေးပေါ်ပြဋ္ဌာန်းချက်များ ) အက်ဥပဒေပုဒ်မ ၁၃ (၁) အရ ထောင်ဒဏ် ၃နှစ်၊ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂ အရ ထောင်ဒဏ် ၃နှစ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကောင်မတီ ဥပဒေပုဒ်မ ၂၈ အရ ထောင်ဒဏ် ၁ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့ပြီး ပြစ်ဒဏ် များကို တခုစီကျခံစေသည်ဟု ၎င်း၏ရှေ့နေ ဦးခင်မောင်ဦးက ဧရာဝတီသို့ ပြောသည်။

“သီးခြားအပြစ်ဒဏ်ပေးတဲ့ သဘောပါ၊ ပထမဆုံး တိုင်းရုံးကိုအယူခံဝင်မယ်၊ တရားရုံးချုပ်ကိုသီးခြားပြင်ဆင်မှုတက်မယ်၊ ပြီးရင် အထူးအယူခံခွင့်ပေးဖို့တောင်းဆိုရမယ်၊ နောက်ဆုံးဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို အယူခံဝင်မယ်” ဟု ရှေ့နေက ပြောသည်။

အလုပ်ကြမ်းခိုင်းစေခြင်းနှင့်ပတ်သက်၍ တာဝန်ခံထောင်အရာရှိပေါ်တွင်သာ မူတည်ကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

မစ္စတာ ယက်ထောသည် ပန်းနာရောဂါ၊ ဆီးချိုရောဂါ နှင့် ၀က်ရူးပြန်ရောဂါတို့ကိုခံစားနေရပြီး မကြာသေးမီက ရန်ကုန်ဆေးရုံကြီးတွင် တက်ရောက်၍ ဆေးဝါးကုသမှု ခံယူခဲ့ရသည်။

မစ္စတာ ယက်ထောသည် သူ၏ ဘာသာရေးအယူအဆကြောင့် ရက်ပေါင်းများစွာ အစာမစားဘဲ နေလေ့ရှိသူဖြစ်သည်ဟု ရှေ့နေ ဦးခင်မောင်ဦးကပြောသည်။

မစ္စတာ ဂျွန် ၀ီလျံ ယက်ထောသည် အင်လျားကန်စောင်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ရေကူး၍ သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက်နေ့တွင် အင်လျားကန်အတွင်း၌ ၎င်းအားတွေ့ရှိရ သဖြင့် ဖမ်းဆီးခြင်းခံခဲ့ရသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)