Monday, August 17, 2009

မစ္စတာ ဂျင်မ်ဝက်ဘ် ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ (NLD)ပါတီနှင့် တိုင်းရင်းသားပါတီများကို တွေ့ဆုံ

Sunday, 16 August 2009 19:35 ဗထူး

မြန်မာနိုင်ငံသို့ ယခုလ (၁၄) ရက်နေ့က ရောက်ရှိနေသည့် အမေရိကန်အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်သည် ယမန်နေ့က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ အင်န်အယ်ဒီပါတီနှင့် တိုင်းရင်းသားပါတီများအား သီးခြားစီ တွေ့ဆုံခဲ့သည်။

အာရှ ၅ နိုင်ငံသို့ ခရီးထွက်ခွာခဲ့သူ မစ္စတာ ဂျင်မ်ဝက်ဘ်သည် လာအိုနိုင်ငံမှတဆင့် ရောက်ရှိလာပြီးနောက် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာတွင် ယမန်နေ့ နံနက် (၁၁) နာရီ (၁၀) မိနစ်တွင် တွေ့ဆုံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ ဂျင်မ်ဝက်ဘ် တွေ့ဆုံစဉ် (Photo: Reuters)

ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ ဂျင်မ်ဝက်ဘ် တွေ့ဆုံစဉ် (Photo: Reuters)
မစ္စတာ ဂျင်မ်ဝက်ဘ်သည် နေပြည်တော်မှ ရန်ကုန်သို့ အထူးလေယာဉ်ဖြင့် ထွက်ခွာလာခဲ့ပြီးနောက် စစ်အစိုးရပိုင် စိမ်းလဲ့ကန်သာဧည့်ဂေဟာတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ညနေ (၃) နာရီ (၅၅) မိနစ်တွင် တွေ့ဆုံသည်ဟု ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

အမေရိကန်အထက်လွှတ်တော်အမတ်၊ အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဆပ်ကော်မတီဥက္ကဌတဦးအနေဖြင့် မြန်မာနိုင်ငံသို့လာရောက်ခြင်းမှာ အဆင့်မြင့် အမေရိကန်အစိုးရ ထိပ်ပိုင်းအရေးပါသူတဦး ၁၀ နှစ်တာကာလအတွင်း ပထမဆုံး လာရောက်ခြင်းဖြစ်သည်။

နိုင်ငံရေးပါတီများနှင့် နေပြည်တော် ရွှေနန်းတော်ဟော်တယ်၌ ယမန်နေ့ နံနက် (၈) နာရီ (၁၅) မိနစ်က တွေ့ဆုံရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စု ကရင်အမျိုးသားများအဖွဲ့ချုပ်၊ ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ မြို (ခေါ်) ခမီ အမျိုးသားညီညွတ်ရေးအဖွဲ့၊ ၀အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ပြည်ထောင်စု ပအိုးဝ်အမျိုးသားအဖွဲ့ချုပ်တို့ ပါဝင်သည်။

ထို့အပြင် စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲထားသည့် အဖွဲ့များအနက် အဖွဲ့ ၆ ဖွဲ့ဖြစ်သော ကချင်အထူးဒေသ (၁) NDAK ၊ ရှမ်း/မြောက်အထူးဒေသ (၅) KDA ၊ ရှမ်းတောင်အထူးဒေသ (၆) PNO ၊ ကယားအထူးဒေသ (၂) ကလလတ၊ ဘုရားကုန်းအထူးဒေသ ငြိမ်းချမ်းရေးအဖွဲ့နှင့် DKBA အဖွဲ့ခေါင်းဆောင်များနှင့် ယမန်နေ့ (၁၀) နာရီတွင် ရွှေနန်းတော်ဟော်တယ်၌ တွေ့ဆုံခဲ့သည်ဟု မြန်မာ့အလင်းတွင် ဖော်ပြထားသည်။

အမေရိကန်အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ် လာရောက်ခြင်းနှင့်ပတ်သက်၍ စစ်အစိုးရမီဒီယာများတွင် တွေ့ဆုံမှုအသေးစိတ်ကို ဖော်ပြမထားသော်လည်း အတိုက်အခံများကမူ ၂၀၁၀ ရွေးကောက်ပွဲကိစ္စ၊ စီးပွားရေး ပိတ်ဆို့အရေးယူထားခြင်းကိစ္စများသာ ဖြစ်ဖွယ်ရာရှိပြီး မြန်မာ့နိုင်ငံရေးအတွက် ထူးခြားသည့် အပြောင်းလဲတရပ် ဖြစ်နိုင်ဖွယ်မမြင်ကြောင်း သုံးသပ်ကြသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)