Friday, July 3, 2009

ဓနုတ်စေတီတန်ဆောင်းအတွင်း မည်သူမျှမ၀င်ရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအမိန့်ထုတ်

ရန်ကုန်တောင်ပိုင်းခရိုင် ဒလမြို့နယ် ဓနုတ်ကျေးရွာရှိ ဓနုတ်စေတီတော်မြတ်ကြီး ပြိုကျပြီးသည့်နောက် နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဘုရားမုခ်ဦးအ၀င်ဝမှ ဘုရားတန်ဆောင်းအထိ မည်သူတဦး တယောက်မျှ မ၀င်ရဟု ညွှန်ကြားထားကြောင်း ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ ဗိုလ်မှူးကြီးတဦးက ပြောသည်။

“အခု ဘုရားကို ၀င်တဲ့ ၀င်ပေါက်မုခ်ဦးကနေပြီးတော့ ရှေ့ကို တည့်တည့်လျှောက်ပြီး ဘုရားကြီးအုတ်တံတိုင်း ထိကို သွားခွင့်မပေးတော့တာပါ။ ဘာလို့လဲဆိုတာတော့ ကျနော်တို့ ပြောဖို့ခက်တယ်။ ဗိုလ်ချုပ်မှူးကြီး အမိန့်ပဲ” ဟု ၎င်းက ပြောသည်။

စေတီပြိုကျရာတွင် ပါဝင်သူများ၏ မိသားစုဝင်များကိုပါ မ၀င်ရန်တားမြစ်ထားသော်လည်း ၎င်းတို့အား ခြွင်းချက် အနေဖြင့် နေရာလွှဲ၍ ၀င်ခွင့်ပေးထားရကြောင်း အဆိုပါ ဗိုလ်မှူးကြီးက ပြောသည်။

ဓနုတ်စေတီတော်ပြိုကျသည့်နေ့ကစ၍ ဘုရားသို့ လာရောက်ကြည့်ရှုကြသော ဘာသာမျိုးစုံ လူပရိသတ်များ စေတီတော်အနီးတ၀ိုက်တွင် အနည်းဆုံး (၅၀) ကျော်ခန့်ရှိသည်ဟု ဒလမြို့ခံ ဆိုင်ကယ် ကယ်ရီသမားတဦးက ပြောသည်။

“တချို့က လာကြည့်တာ သက်သက်ဆိုတော့ အနီးကပ်ကြည့်ချင်ကြတယ်လေ။ စဖြစ်တဲ့နေ့ပြီးတော့ နောက်တနေ့မှာ ၀င်လို့ရသေးတယ်။ ကြည့်ရင် အုတ်တံတိုင်းနားထိကပ်ပြီး ကြည့်လို့ရသေးတယ်။ ဒီနေ့မှ မရတော့တာဗျ” ဟု ၎င်းက ပြောသည်။

ယနေ့ထိ သေဆုံးသူအရေအတွက်ကို တိတိကျကျ မသိရသော်လည်း မျက်မြင်များပြောပြချက်အရ ဘုရားပြိုကျသည့် နေ့တွင် ပွဲချင်းပြီး သေဆုံးသူ (၅) ဦးနှင့် မေ (၃၁) ရက်၌ မြေကြီးအောက်မှ အလောင်း (၂ ) လောင်း တူးဖော်ရရှိ ကြောင်း သိရသည်။

ဓနုတ်စေတီပြိုကျရာ နေရာအနီး တတိယနေ့ဖြစ်သည့် ယနေ့နံနက်ပိုင်းတွင် အသက် (၄၀) ကျော် အမျိုးသမီးတဦးက သစ်သားစင်ပေါ်တွင် အ၀တ်ဖြူစ ဖုံးအုပ်ထားသည့်အလောင်းအနီး ကိုက် (၃၀) ခန့်အကွာမှ “အမလေး သားကြီးရယ်၊ အဖြစ်ဆိုးလိုက်တာ၊ အသေဆိုးနဲ့ သေရတဲ့ ဘ၀ပါလားနော်၊ အမလေး သားမျက်နှာကိုလည်း အမေ မတွေ့ရတော့ ဘူး” ဟု ရင်ဘတ်စည်တီးကာ ငိုကြွေးနေသည်ကို တွေ့ရှိရကြောင်း မျက်မြင်တဦးက ပြောသည်။

“အခုပဲ ဖော်လို့ရတဲ့အလောင်းပါ။ ဒီကလေးက အသက် (၂၀) ကျော်ပဲ ရှိသေးတာလေ။ သူ့အဖေက ဘုရားကို ငြမ်းဆင်တဲ့အဖွဲ့မှာ ခေါင်းဆောင်ပေါ့။ အခုငိုနေတာ သေတဲ့ကောင်လေးရဲ့ အမေပါ။ အလောင်းကို ကြည့်ဖို့ မကောင်းတော့ဘူးလေ။ အပုပ်နံ့တွေ နံစော်နေတာ။ အခုချက်ချင်း သရဏဂုံတင်မှာ။ ဟိုမှာတွေ့လား၊ ဘုန်းကြီးတွေ စောင့်နေကြတယ်” ဟု စေတီတော်အနီးရှိ ဘုန်းတော်ကြီးကျောင်း နောက်ဘက် အလောင်းစင်အနီးက မြင်ကွင်းကို တပ်မ (၃၆) တပ်မတော် (ရေ) မှ တပ်သားတဦးက ပြောပြသည်။

မြေကြီးပိ၍ ပျောက်ဆုံးနေသူများကို စာရင်းများအရ ယနေ့ညနေပိုင်းအထိ ဆက်လက် ရှာဖွေနေသော်လည်း ကျန်နေသူများ ရှိနေဆဲဖြစ်ကြောင်း အဆိုပါတပ်သားက ပြောသည်။

၎င်းက “စာရင်းတိတိကျတော့ ကျနော်တို့လည်း မသိရဘူး။ ကျနော်တို့လည်း အပြင်က လူတွေနဲ့ သိပ်စကား မပြောရဲဘူးဗျ” ဟု ပြောသည်။

စေတီအနီးတွင် ကရိန်း အသေး (၁) ခုနှင့် အကြီးစား (၁) ခုရှိပြီး ကရိန်းအသေးက ရပ်ထားကာ အကြီးတခုတည်းဖြင့် မောင်းနှင်၍ မြေကြီးများဖော်နေသည်ဟု ယနေ့မျက်မြင်တွေ့သူက ပြောပြသည်။

ခေတ်ပြိုင်မှ ကူးယူဖေါ်ပြပါသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)