Saturday, July 4, 2009

အစိုးရကို မဝေဖန်ရဟု ဝန်ထမ်းများကို သတိပေး

အစိုးရ ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် တပ်မတော်သားများကို ဒေါ်အောင်ဆန်းစုကြည် အမှုကိစ္စနှင့် ပတ်သက်ပြီး ဝေဖန်ပြောဆိုခြင်း မပြုလုပ်ရန်နှင့် ဆန္ဒပြမှုများ ဖြစ်ပေါ်လာလျှင် မပါဝင်ကြရန်၊ မလိုက်နာပါက အရေးယူခံရမည် ဖြစ်ကြောင်း သက်ဆိုင်ရာ အာဏာပိုင်များက ညွှန်ကြားထားသည်ဟု သတင်းရရှိသည်။

နေပြည်တော်ရှိ အစိုးရ၀န်ကြီးဌာနများ၏ ဌာနဆိုင်ရာ အပတ်စဉ်ပုံမှန် အစည်းအဝေးများတွင် ဒေါ်အောင်ဆန်း စုကြည် အမှုနှင့်ပတ်သက်ပြီး ကုလသမဂ္ဂ၊အာဆီယံ၊ ဥရောပသမဂ္ဂ နှင့်နိုင်ငံတကာအသိုင်းအ၀န်းက ဖိအားပေး နေချိန် အစိုးရကို မဝေဖန်ကြရန် ၊ နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်လာလျှင် ပါဝင်ခြင်းမပြုကြဘဲ ရှောင်ရှားကြရန် စစ်အစိုးရ ၀န်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများက အောက်ခြေအဆင့် ၀န်ထမ်းများကို သတိပေးကြောင်း နေပြည်တော် အစိုးရဝန်ထမ်းများ၏ ပြောဆိုချက်အရ သိရသည်။

ထိုသို့ သတိပေးရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို သိက္ခာချထားသော၊ မဟုတ်မှန်သည့်နောက်ကြောင်း ရာဇ၀င် များရေးသားထားသော ညွှန်ကြားလွှာများကို ဖတ်ပြခြင်းဖြစ်သည်ဟု နေပြည်တော်ရှိ လက်ထောက်ညွှန်ကြား ရေး မှူး တဦးက ပြောသည်။

“မေလ လုပ်ငန်းညှိုနှိုင်းအစည်းအဝေးမှာ ၀န်ကြီးက ဌာနဆိုင်ရာ အရာရှိဝန်ထမ်းတွေကို ဒေါ်စုအကြောင်းရေးထား တဲ့ ညွှန်ကြားလွှာကို ဖတ်ပြတယ်။ ဒေါ်စုကြည် အိန္ဒိယမှာ နေစဉ်တုန်းက မာလီကုလားနဲ့ဖောက်ပြားတယ်။ အင်္ဂလန် မှာ သူ့ရဲ့ခင်ပွန်း မိုက်ကယ်အဲရစ်နဲ့မယူခင် ဗမာတယောက်နဲ့ Living Together နေတယ်။ မြန်မာနိုင်ငံ ကို ပြန်လာဖို့ အစိုးရက စရိတ်ပေးပြီးခေါ်ခဲ့လို့ ရောက်လာတယ်”ဟု ညွှန်ကြားလွှာတွင် ပါဝင်ကြောင်း ၎င်းက ပြောကြားသည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်ကို NLD အဖွဲ့တွင် လူကြိုက်နည်းပါးလာကြောင်း၊ နိုင်ငံပျက်စီးရေး လုပ်ငန်း များ မပြုလုပ်ရန် အကြိမ်ပေါင်းများစွာသတိပေးသော်လည်း မလိုက်နာကြောင်း၊ ထို့ကြောင့် ထိန်းသိမ်းလိုက်ရ ကြောင်း၊ ဒီမေလ ၂၇ ရက်နေတွင် ပြန်လွှတ်ပေးရန်စီစဉ်နေစဉ် အမေရိကန်နိုင်ငံသား ဂျွန် ဝီလျံ ယက်ထောကို အိမ်ထဲ တွင် လက်ခံထားသောကြောင့် တရားဥပဒေအရ အရေးယူရခြင်းဖြစ်ကြောင်း၊ ဒီပဲယင်း အရေးအခင်းတွင် နိုင်ငံ တော် အစိုးရ က မပါခဲ့သောကြောင့် ယခုဒေါ်အောင်ဆန်းစုကြည်ကိစ္စတွင်လည်း အစိုးရ၀န်ထမ်းများ လုံးဝ မပါဝင်ရကြောင်း ၎င်း ညွှန်ကြားစာတွင် ပါရှိသည်ဟုလည်း ဆိုသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် အနောက်အုပ်စု မျှော်ကိုးသူဖြစ်သောကြောင့် အနောက်အုပ်စုမှ ဖိအားများပြုလုပ်လာလိမ့်မည်ဖြစ်ကြောင်းနှင့် ၀န်ထမ်းအားလုံး ကိုယ့်အလုပ်ကိုယ် လုပ်ရန်နှင့် မလိုက်နာပါက ရာထူးဖြုတ်အရေးယူခံရမည်ဖြစ်ကြောင်း ညွှန်ကြားထားသည်ဟု အထက်ပါ လက်ထောက်ညွှန်ကြားရေးမှူးက ပြောသည်။

စစ်အစိုးရသည် ဒေါ်အောင်းဆန်းစုကြည်ကို တရားစီရင်ပြီး အကျဉ်းချအရေးယူမည်ဖြစ်သည့်အတွက် လှူံ့ဆော်မှု များ၊ ဆန္ဒပြမှုများမပေါ်ပေါက်စေရန် ပညာရေးဝန်ကြီးဌာန ၊ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီး ဌာန စသည့် ဝန်ကြီးဌာနများ လက်အောက်တွင်ရှိသော တက္ကသိုလ်၊ ကောလိပ်၊ ကျောင်း များရှိ သက်ဆိုင်ရာ ဆရာ၊ ဆရာမများကို လုံခြုံရေးတိုးမြှင့်မည့် အစီအမံများ ပြုလုပ်ခိုင်းသည်ဟုလည်း သိရှိရသည်။

“လုံခြုံရေးဆိုတာ တက္ကသိုလ်မှာ လုံထိန်းရဲ၊ စစ်သားတွေ လာထားတာမဟုတ်ဘူး၊ တက္ကသိုလ်မှာ နိုင်ငံရေး လှုံ့ ဆော်တယ်၊ စည်းရုံးတယ်ဆိုတဲ့ကျောင်းသားကျောင်းသူတွေ့ရင် ပါမောက္ခချူပ်၊ မော်ကွန်းထိန်း၊ ပါမောက္ခတွေဆီ အဆင့်ဆင့် အရေးပေါ်ကိစ္စအဖြစ် တင်ပြဖို့မှာတာ”ဟု ရန်ကုန် ၀ိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ် မှ တွဲဖက်ပါမောက္ခ တဦး က ဆိုသည်။

ထိုကဲ့သို့ စစ်အစိုးရက သတိပေးမှာကြားမှုများ ပြုလုပ်နေသော်လည်း ၀န်ထမ်းများအကြား၌ ဒေါ်အောင်ဆန်း စုကြည်အမှုတွင် အစိုးရလုပ်ရပ်မှားလွန်းသည်ဟု ဝေဖန်ပြောဆိုမှုများရှိနေပြီး စစ်တပ်အတွင်းတွင်လည်း ဒေါ်အောင်ဆန်းစုကြည်ကိုထပ်မံအကျဉ်းချမည့် အရေး လက်မခံသည့် တပ်မတော်အရာရှိကြီးများ ရှိနေသည်ဟု လည်း နေပြည်တော် ၀န်ထမ်းသတင်းရပ်ကွက်မှ စုံစမ်းသိရှိရသည်။

၁၃ နှစ်ကျော်ကြာ နေအိမ်အကျယ်ချူပ်ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့အမေရိကန် နိုင်ငံသား ဂျွန်ဝီလျံယက်ထော ယခုလဆန်းက ၀င်ရောက်လာသည့်အတွက် အဆိုပါနိုင်ငံခြားသား လက်ခံမှုသည် တရားဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်ဟုဆိုကာ မေလ ၁၄ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန် ထောင် သို့ ပို့ဆောင် တရားစွဲဆိုခဲ့ပြီး လာမည့် ဇွန်လ ၅ ရက်နေ့တွင် အမှုကို အပြီးသတ် ကြားနာစစ်ဆေး မည် ဖြစ်သည်။

ဧရာဝတီမှ ကူးယူဖေါ်ပြပါသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)