Saturday, July 4, 2009

FEC ၅၀ တန် ဖုန်းကတ်များ စတင်ရောင်းချ

FEC ၅၀ တန် CDMA 450 တခါသုံး ဖုန်းကတ်များကို ယနေ့၊ ဇွန်လ ၂ ရက်နေ့တွင် ထူး ကုမ္ပဏီ၏ လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်သော စင်ထရယ် မားကက်တင်းမှ စတင်ဖြန့်ချိ ရောင်းချနေပြီ ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စတင်ရောင်းချခဲ့သော FEC ၂၀ တန် GSM တခါသုံး ဖုန်းကတ်များ ထွက်ရှိပြီး ၆ လနီးပါးကြာမြင့်ချိန်တွင် ယခုကဲ့သို့ FEC ၅၀ တန် တခါသုံး ဖုန်းကတ်များ ရောင်းချပေးခြင်း ဖြစ်သည်။

အဆိုပါ ကတ်များကို စင်ထရယ်မားကက်တင်းက အကန့်အသတ်မရှိ ထုတ်လုပ် ရောင်းချမည်ဖြစ်ပြီး ဖုန်းခေါ်ဆိုခများမှာ ပြည်တွင်းအထွက် တမိနစ်လျှင် ၀.၃၀ FEC ၊ အဝင်ဖုန်းခေါ်ဆိုခ ၀.၀၅ FEC ၊ စင်္ကာပူ နိုင်ငံနှင့် ထိုင်းနိုင်ငံ များသို့ ခေါ်ဆိုပါက ၀.၉ FEC ၊ တခြားနိုင်ငံများသို့ ခေါ်ဆိုပါက ၁.၀၅ FEC နှင့် SMS ပို့ပါက ၀.၀၅ FEC ကုန်ကျ မည်ဖြစ်ပြီး လက်ရှိအသုံးပြုနေသော FEC ၂၀ တန် ကတ်များ၏ ခေါ်ဆိုခအတိုင်းသာ သတ်မှတ်ထားသည်ဟု သိရှိရသည်။

ယခု ထွက်ရှိလာသော CDMA 450 တခါသုံးဖုန်းကတ်မှာ သက်တမ်းတိုး၍ မရဘဲ ပုံမှန်အသုံးပြုရန် နံပါတ် မရရှိနိုင်ကြောင်း စင်ထရယ် မားကတ်တင်းမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

ထို FEC ၅၀ တန် CDMA တခါသုံး SIM ကတ်များမှာ CDMA 450 Support ဟန်းဆက်နှင့် ကမ်းရိုးတန်း ဟန်းဆက် (CDMA တမျိုးတည်းသာ အသုံးပြု၍ ရသော ဟန်းဆက်) များဖြင့်သာ အသုံးပြုနိုင်ပြီး GSM ဟန်းဆက်များတွင်အသုံးပြု၍ မရနိုင်ပေ။ ထို့ပြင် Message ပို့ရာတွင်လည်း တခြားသော CDMA ဖုန်းများသို့သာ ပေးပို့နိုင်ပြီး စတင်သုံးစွဲသည့်နေ့မှ ရက် ၆၀ သာ အသုံးပြုနိုင်မည် ဟုမြန်မာ့ဆက်သွယ်ရေးမှ စုံစမ်းသိရှိရသည်။

CDMA 450 တခါသုံး SIM ကတ်၏ အားသာချက်မှာ မည်သည့် ကမ်းရိုးတန်းဒေသများသို့မဆို ယူဆောင်သွား နိုင်ပြီး ယခင်ရောင်းချခဲ့သည့် FEC ၂၀ တန် GSM တခါသုံး ကတ်ထက် လိုင်းပိုမို ကြည်လင်ကြောင်း သုံးစွဲဖူးသူ တဦးက ပြောသည်။

သို့ရာတွင် သက်တမ်းတိုး၍မရဘဲ ပုံမှန်အသုံးပြုရန် နံပါတ် မရရှိနိုင်သဖြင့် မိုဘိုင်းဖုန်းသုံးစွဲလိုသူများ စိတ်ဝင်စားမှု နည်းပါးကြောင်း ရန်ကုန်မြို့ခံတဦးက ပြောသည်။

“အခုရောင်းတဲ့ ကတ်တွေက သက်သက်လုပ်စားတာ။ ၂၀တန် ကတ် ၂ ကတ်နဲ့ ယှဉ်ရင် ဈေးပိုကြီးနေတယ်။ ၂၀ တန်ကတ်လောက် ရောင်းအားကောင်းဖို့မမျှော်လင့်ပါဘူး” ဟု ရန်ကင်းမြို့ နယ်မှ အသက် ၂၈ နှစ်အရွယ်ရှိ ဖုန်းအရောင်းအဝယ် ပြုလုပ်နေသူတဦးက သုံးသပ်သည်။

စင်ထရယ်မားကက်တင်းမှ FEC ၂၀ တန်ကတ် စတင်ရောင်းချစဉ်က ဝယ်လိုအား များပြားခဲ့သော်လည်း စီးပွားရေးလည်ပတ်မှု နှေးကွေးနေခြင်းကြောင့် ယခုနောက်ပိုင်း ဝယ်လိုအား သိသိသာလျော့နည်းသွားပြီး FEC ၅၀ တန်ကတ်များ ဖြန့်ဖြူးရောင်းချခြင်းမှာ စင်ထရယ်မားကက်တင်း ကုမ္ပဏီနှင့် မြန်မာ့ဆက်သွယ်ရေးတို့ ပူးပေါင်း၍ စီးပွားရေး အမြတ်ထုတ်ခြင်းသာဖြစ်သည်ဟု ဖုန်းဈေးကွက်အတွင်းမှ ပွဲစားတချို့ကသုံးသပ်ကြသည်။

မြန်မာ့ဆက်သွယ်ရေးမှ ထုတ်ပြန်သောစာရင်းများအရ မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း သုံးစွဲနိုင်မှုမှာ စုစုပေါင်း လိုင်း ၄ သိန်းကျော် ဝန်းကျင်ရှိသည်ဟု သိရသည်။

ဧရာဝတီမှ ကူးယူဖေါ်ပြပါသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)