Saturday, August 15, 2009

မယ်လစခန်းတွင် A (H1N1) သံသယရှိသူများကို စစ်ဆေး

၁၄ သြဂုတ် ၂၀၀၉

မယ်လဒုက္ခသည်စခန်းတွင် A (H1N1) တုပ်ကွေးဖြစ်ပွားသူများ တွေ့ရှိပြီးနောက် အဆိုပါရောဂါလက္ခဏာဟု သံသယရှိသူ ဒုက္ခသည် (၂၅) ဦးကို စစ်ဆေးကုသမှုများ လုပ်ဆောင်နေသည်ဟု စခန်းဆေးရုံတာဝန်ခံက ပြောသည်။

မယ်လဒုက္ခသည်စခန်း ဆေးရုံတာဝန်ခံ ဆရာစောနေဆဲက “ဒီလဆန်းပိုင်းကစပြီှး Swine Flu ဖြစ်တဲ့ကလေး (၄) ဦး အခု သက်သာလာပြီဖြစ်တယ်။ နောက်ထပ်လူ (၂၅) ဦးကို သံသယရှိတဲ့အတွက် စစ်ဆေးနေတယ်။ သူတို့ရဲ့နှာရည်တွေကို ယူပြီး စစ်ဆေးမှု အဆင့်ဆင့်လုပ်နေပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

အဆိုပါဒုက္ခသည် (၂၅) ဦးတွင် လူကြီး (၄) ဦးသာပါရှိပြီး ကလေးငယ်အများစုပါဝင်ကာ အပူချိန်တက်ခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်း၊ လည်ချောင်းနာခြင်းနှင့် အဆုတ်ပွခြင်း စသည့် A (H1N1) ဖြစ်နိုင်ခြေရှိသည့် လက္ခဏာများကို တွေ့ရှိရသည်ဟု ဆရာစောနေဆဲက ပြောသည်။

ယခုလောလောဆယ် မယ်လစခန်းတွင် အဆုတ်ပွ၍ ဆေးကုသမှု လာရောက်ခံယူသူ လူနာပေါင်း နေ့စဉ် (၁၀၀) ခန့်ရှိသည်ဟု သိရသည်။

လူဦးရေ (၅) သောင်းခန့် နေထိုင်သည့်မယ်လစခန်းတွင် ရောဂါထိန်းချုပ်နိုင်ရန်အတွက် စခန်းကျန်းမာရေးအဖွဲ့နှင့် အုပ်ချုပ်ရေး အဖွဲ့က လျင်မြန်စွာတုံ့ပြန်လှုပ်ရှားသော ရောဂါကြည့်ရှုစောင့်ရှောက်ရေးအဖွဲ့ (SRRT) မှ ကာကွယ်ရေးနှင့် ပညာပေးရေး အစီအစဉ်များ လုပ်ဆောင်နေသည်ဟု စခန်းဒု-ဥက္ကဋ္ဌ စောထွန်းထွန်းက ပြောသည်။

၎င်းက “စခန်းထဲမှာ ဒီရောဂါနဲ့ပတ်သက်ပြီး ထိန်းချုပ်မှုမလုပ်နိုင်ရင် နောက်ဆက်တွဲဆိုးကျိုးတွေက အတော့်ကို အန္တရာယ်များပါတယ်။ အခု စခန်းမှာ ပညာပေးရေးကာကွယ်ရေးနဲ့ အခြားလိုအပ်ချက်တွေကို အပူတပြင်းလုပ်ဆောင်နေပါတယ်” ဟု ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တွင် မြန်မာဒုက္ခသည်စခန်း (၉) ခုရှိပြီး မယ်လဒုက္ခသည်စခန်းတွင် A (H1N1) စတင်ဖြစ်ပွားခြင်းဖြစ်ကာ ကျန်စခန်းများတွင် ဖြစ်ပွားခြင်းမရှိသေးကြောင်း ကရင်ဒုက္ခသည်ကော်မတီက ပြောသည်။

ထိုင်းနိုင်ငံတွင် A (H1N1) ရောဂါကြောင့် သေဆုံးသူ (၁၀၀) ခန့်ရှိသွားပြီး (၅) သိန်းခန့် ရောဂါကူးစက်ခံရနိုင်သည်ဟု ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ယခင်အပတ်တွင် သတင်းထုထ်ပြန်ခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ယခုလ (၁၁) ရက် သတင်းထုတ်ပြန်ချက်အရ A (H1N1) ရောဂါကြောင့် တကမ္ဘာလုံးတွင် သေဆုံးသူ (၁,၄၆၂) ဦး ရှိနေပြီဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)