Saturday, October 10, 2009

နေပြည်တော် အဝေးပြေးကားများ အထူးအခွင့်အရေးရရှိ

မျိုးချစ်သူ / ၉ အောက်တိုဘာ ၂၀၀၉

နယ်အသီးသီးမှ ခရီးသည်တင် အဝေးပြေးကားများ ရန်ကုန်မြို့သို့ ဝင်ရောက်ချိန်ကို ပြောင်းလဲသတ်မှတ်ထားသော်လည်း နေပြည်တော်အဝေးပြေးကားများကို (၂၄) နာရီ ၀င်ခွင့်ပေးထားကြောင်း သိရသည်။

ရန်ကုန်တိုင်း တိုင်းမှူးမှတဆင့် ကုန်းလမ်းပို့ဆောင်ရေး (အဝေးပြေး) ကော်မတီက ထိုသို့ခွင့်ပြုခြင်းဖြစ်ကြောင်း အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်း လုံခြုံရေးတာဝန်ကျ ရဲအရာရှိတဦးက ပြောသည်။

အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်းမှ တာဝန်ရှိသူတဦးကလည်း “နေပြည်တော်မှာ ရန်ကုန်ကသွားနေတဲ့ ၀န်ထမ်းတွေ ရှိတယ်။ သူတို့ သွားရေး လာရေး အဆင်ပြေဖို့ (၂၄) နာရီ ခွင့်ပေးထားတာ ဖြစ်တယ်။ အစိုးရက နေပြည်တော်ဝန်ထမ်းတွေ အဆင်မပြေဖြစ်မှာကြောင့် တိုင်းမှူးနဲ့အပေါင်းပါတွေက နေပြည်တော်က လာတဲ့ကားတွေကို (၂၄) နာရီ ၀င်ခွင့်ပေးထားတယ်။ ကျန်တဲ့ကားတွေ တစီးမှ ည (၁၂) နာရီကနေ မနက် (၄) နာရီအထိ မ၀င်ရဘူး” ဟု ပြောသည်။

ရန်ကုန်-အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်းသို့ နယ်မြို့တို့မှလာသော ခရီးသည်တင်ကားများအား ပြီးခဲ့သည့် ဇူလိုင်လလယ်ပိုင်းမှစ၍ နံနက် (၅) နာရီနောက်ပိုင်းမှသာ ဝင်ရောက်ရမည်ဟု ယာဉ်စည်းကမ်းထိန်းသိမ်းရေးဌာနက ပြောင်းလဲသတ်မှတ်လိုက်ပြီးသည့်နောက် ကားပြေးဆွဲသူများနှင့် ခရီးသည်များပါ အဆင်မပြေဖြစ်ကြရသည်။

ထို့ကြောင့် ရခိုင်ပြည်နယ်မှ ကားများကို နံနက် (၄) နာရီ၊ မော်လမြိုင်မှလာသော ခရီးသည်တင်ကားများကို နံနက် (၃) နာရီတွင် ရန်ကုန်သို့ဝင်ရန် သတ်မှတ်ခဲ့သည်။

အဝေးပြေးကားများမှာ သတ်မှတ်ချိန်မတိုင်ခင် ကားဂိတ်သို့ စောမရောက်စေရန် လမ်းခရီးတွင် ကားစက်သတ်ရပ်နားကာ အချိန်ဖြုန်းကြရသဖြင့် ခရီးသည်များမှာ လမ်းခုလတ်တွင် ကားပေါ်လည်းအိပ်မရ၊ ကားအပြင်၌လည်း နေစရာမရှိ ဒုက္ခရောက်ကြကြောင်း မော်လမြိုင်မှ ရန်ကုန်လာသည့် ခရီးသည်တဦးက ပြောသည်။

နေပြည်တော်မှထွက်သည့် ကားများမှာ ရန်ကုန်သို့ ည (၁) နာရီခန့်တွင် ရောက်ရှိတတ်သော်လည်း အောင်မင်္ဂလာအဝေးပြေး ကားဝင်းသို့ ၀င်ခွင့်ရကြောင်း၊ အဝေးပြေးကားများတွင် နေပြည်တော်ကားများကို အထူးအခွင့်အရေးပေးထားကြောင်း နေပြည်တော်-ရန်ကုန် ပြေးဆွဲနေသော ဗန္ဓုလကားလိုင်းမှ ယာဉ်မောင်းတဦးက ပြောသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)