Thursday, October 8, 2009

နယ်စပ်တိုက်ပွဲဖြစ်လာပါက ၀ ဒုက္ခသည်များကို ထိုင်း လက်ခံမည်

Wednesday, 07 October 2009 18:46 ရန်ပိုင်

စစ်အစိုးရက ၀ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA ) အားတိုက်ခိုက်ခဲ့လျှင် ဒုက္ခသည်ဦးရေ ၂ သိန်းကျော် ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက်လာနိုင်ကြောင်း ခန့်မှန်းပြောဆို နေကြသည်။

ယမန်နေ့က ဘန်ကောက်မြို့ ချူလာလောင်ကွန်း တက္ကသိုလ်တွင် ပြုလုပ်သော ထိုင်း- မြန်မာ ဆက်ဆံရေးနှင့် ပတ်သက်သည့် ဆွေးနွေးပွဲတခုတွင် ယင်းကဲ့သို့ ခန့်မှန်းပြောဆို နေကြခြင်း ဖြစ်သည်။

ထိုဆွေးနွေးပွဲ၌ “လာမည့် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ မြန်မာအစိုးရက UWSA အဖွဲ့အား တိုက်ခိုက်ခဲ့လျှင် ချင်းမိုင်နှင့် ချင်းရိုင် ပြည်နယ်များ အတွင်းသို့ ဒုက္ခသည်များ အလုံးအရင်းဖြင့် ၀င်ရောက် လာနိုင်သည်”ဟု ထိုင်း အမျိုးသား လုံခြုံရေးကောင်စီ ၏ နယ်စပ်ဒေသ လုံခြုံရေးနှင့် ကာကွယ်ရေးဌာန ညွှန်ကြားရေးမှူး Bhornchart Bunnag က ပြောသည် ဟု ထိုင်းနိုင်ငံထုတ် သည်နေရှင်း (The Nation) သတင်းစာ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

သို့သော် ထိုင်းအစိုးရ အနေဖြင့် အဆိုပါ ဒုက္ခသည်များ ၀င်ရောက်လာခဲ့လျှင် အတင်းအကျပ် နေရင်းဒေသသို့ ပြန်လည် ပို့ဆောင်မည် မဟုတ်ဘဲ လူသားချင်းစာနာမှု အကူအညီများကို ပေးမည်ဟု ပြောကြားသွားကြောင်းလည်း ဆိုသည်။

ဝေရှောက်ခမ်းဦးဆောင်သည့် ၀ပြည်တောင်ပိုင်း အဖွဲ့သည် မူးယစ်ဆေးဝါး များကို ထိုင်းနိုင်ငံအတွင်းသို့ တင်သွင်းနေ သည့်အတွက် အမေရိကန်နိုင်ငံ နှင့် ထိုင်းနိုင်ငံတို့မှ နာမည်ပျက်စာရင်းသွင်းထားသောကြောင့် စစ်အစိုးရက UWSA အဖွဲ့အား တိုက်ခိုက်လာလျှင် ကန့်ကွက်ခြင်းမရှိဘဲ ထိုင်းနိုင်ငံမှ ကူညီပေးလိမ့်မည်ဟု နိုင်ငံရေးအကဲခတ်များကလည်း ခန့်မှန်း ပြောဆိုနေကြသည်။

“ထိုင်းအစိုးရက မူ၂မျိုးထားပုံရတယ်၊တိုက်ပွဲတွေကြောင့် ၀ပြည်သူတွေပြေးလာရင်တော့ လူသားချင်းစာနာတဲ့အနေနဲ့ ကူညီလိမ့်မယ်၊ ဒါပေမယ့် မူးယစ်ဆေးဝါးနဲ့ပတ်သက်သူတွေကိုတော့ လက်ခံမှမဟုတ်ဘူး” ဟုချင်းမိုင်အခြေစိုက် သျှမ်းသံ တော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်ကပြောသည်။

သို့သော် စစ်အစိုးရထံသို့ ဘိန်းဘုရင်ခွန်ဆာ လက်နက်ချသွားပြီးနောက်ပိုင်းတွင်လည်း မူးယစ်ဆေးဝါးကုန်သွယ်မှုများမှာ ပြီးဆုံးသွားခြင်း မရှိကြောင်း ထိုင်းနိုင်ငံ အခြေစိုက် မြန်မာအရေးလေ့လာနေသူ ဦးဝင်းမင်းက ထောက်ပြသည်။

“ထိုင်းနိုင်ငံအနေနဲ့တော့ ဝေရှောက်ခမ်းကို မူးယစ် ဆေးဝါးမှုနဲ့တော့ လိုချင်တာအမှန်ပဲ၊ဒါပေမယ့် သူ့ကိုဖမ်းလို့လည်း ဒီကိစ္စ တွေပြီးမလားစဉ်းစားရမယ်” ဟု၎င်းကဆိုသည်။

ထို့အပြင် စစ်အစိုးရကလည်း မူးယစ်ဆေးဝါးနှိမ်နှင်းမှုများကို ကိုးကန့်တိုက်ပွဲပြီးသည့် နောက်ပိုင်းတွင် ယခင်ကထက် ပိုမို လုပ်လာပြီး၊ သြဂုတ်လ အတွင်းတွင် မူးယစ်ဆေးဝါး အမှုပေါင်း ၂၃၀ နှင့် တရားခံပေါင်း ၃၅၅ဦးကို ဖမ်းဆီးအရေး ယူခဲ့ ကြောင်း စစ်အစိုးရထုတ်သတင်းစာများတွင် ဖော်ပြထားသည်၊၊

ထို့ကြောင့် မူးယစ်ဆေးဝါး ရောင်းဝယ်သူများသည် မူးယစ်ဆေးဝါးကို လက်ဝယ်တွင် မထားရှိတော့ဘဲ ထိုင်းနိုင်ငံအတွင်း သို့ အကြွေးစနစ်ဖြင့် လည်းကောင်း ဈေးနှုန်းလျော့ချ၍လည်းကောင်း တင်သွင်းနေကြောင်း စက်တင်ဘာ ၃၀ရက်နေ့ထုတ် အမေရိကန်နိုင်ငံအခြေစိုက် နယူးယောက်တိုင်းမ် သတင်းစာတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံမြောက်ပိုင်းတွင် မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုများမှာ ယခင်နှစ်များက တနှစ်လျှင် ပျမ်းမျှ ၅၇ ကီလိုဂရမ် ခန့်သာ ဖမ်းဆီးရမိသော်လည်း ယခုနှစ်တွင် ၂၇၉၅ကီလိုဂရမ် အထိဖမ်းဆီးနိုင်ခဲ့ကြောင်း ၊ ယခင်နှစ်များထက် ၂၁၀၀ ရာခိုင်နှုန်း အထိ မြင့်လာသည်ဟု ယင်းသတင်းစာကဆိုသည်။

စစ်အစိုးရက မူးယစ်ဆေးဝါးနှိမ်နှင်းရေးများကို ပိုမိုပြုလုပ်လာခြင်းမှာ အမေရိကန်နိုင်ငံ နှင့် ဆက်ဆံ ရေးပိုမို ကောင်းမွန် စေရန်လည်းကောင်း၊ နယ်ခြား စောင့် တပ်ဖွဲ့စည်းရေးကိုအပစ်ရပ်အဖွဲ့များက လက်မခံသည့်အတွက် အပြစ်ရှာ ခြင်းလည်း ဖြစ်နိုင်ကြောင်း ဗမာပြည် ကွန်မြူနစ် ပါတီမှ ဒေါက်တာလှကျော်ဇောက ထင်မြင်သည်။

“အပစ်ရပ်အဖွဲ့တွေမှာ မူးယစ်နဲ့ကင်းတဲ့သူရှားပါတယ်၊ ဒီအချက်ကြောင့် ၀တွေကပြန်ပြီးအလျှော့ပေးမှုတွေလုပ်လာလိမ့် မယ်”ဟု ၎င်းကပြောသည်။

ယခုလက်ရှိ ကိုးကန့်၊ မိုင်းလား နှင့် ၀ခေါင်းဆောင်များသည် ယခင်ဗမာပြည်ကွန်မြူနစ်ပါတီ လက်အောက်တွင်ရှိစဉ်က တည်းက မူးယစ်ဆေးဝါးနှင့် ပတ်သက်ခဲ့ကြကြောင်း၊ ၁၉၈၅ခုနှစ် တတိယအကြိမ် ပါတီကွန်ဂရက်တွင်မူးယစ်ဆေးဝါး နှိမ်နင်းရေးကို ပြုလုပ်တော့မည်ဟု ဆုံးဖြတ်ချက် ချလိုက်သောကြောင့် ဖုန်ကျား ရှင်ခေါင်း ဆောင်ပြီး ပါတီမှခွဲထွက်ခဲ့ ခြင်းဖြစ်ကြောင်း၎င်းက ပြောပြသည်။

သို့သော်UWSA အဖွဲ့နှင့် နီးစပ်သူတဦးကမူ ၀ခေါင်းဆောင်ပိုင်း အနေဖြင့် စီးပွားရေးလုပ်ငန်းများစွာကို ပြည်တွင်းပြည်ပ တွင်အခြေချထားကြောင်း၊ တရုတ်ပြည်၏ တံခါးဖွင့်ပေါ်လစီအရ တရုတ်ပြည်တွင်းတွင် မြေယာ နှင့်တိုက်ခန်းများ ၀ယ် ယူပြီး နေထိုင်ခွင့်မှတ်ပုံတင်များလည်း ရယူထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် စစ်ရေးဖြင့် တုံ့ပြန်ဖြေရှင်းလိမ့်မည်ဟု မထင် ကြောင်း သုံးသပ်သည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)