Wednesday, October 14, 2009

ငွေစက္ကူသစ် ထုတ်ပြီးနောက် ရွှေဈေး ပထမဆုံးအကြိမ် ခုန်တက်

Tuesday, 13 October 2009 17:06 ဧရာဝတီ

စစ်အစိုးရက ၅၀၀၀ ကျပ်တန်ထုတ်ပြီး နှစ်ပတ်အတွင်း၌ ပြည်တွင်းရွှေဝယ်လိုအားများ မြင့်တက်လာပြီး ယနေ့တွင် အခေါက်ရွှေ တကျပ်သား ကျပ် ၆ သိန်း ကျော်အထိ ပထမဆုံး အကြိမ် ဈေးတက်သွားကြောင်း သတင်း ရရှိသည်။

ထိုသို့ ရွှေဈေးနှုန်းတက်နေသော်လည်း ရွှေဝယ်လိုအားမှာ ဆက်လက်မြင့်မားလျက်ကြောင်း၊ အထူးသဖြင့် ထိုင်းနယ်စပ်နှင့် တရုတ်နယ်စပ်သို့ ရွှေရောင်းချမှု များပြားလျက်ရှိကြောင်း ပြည်တွင်း ရွှေဈေးကွက် အသိုင်း အဝိုင်းက ပြောသည်။
ရန်ကုန်မြို့မှ စိန်ရွှေရတနာ အရောင်းဆိုင် တဆိုင် (ဓာတ်ပုံ - peace-on-earth.org)
“မနေ့က အခေါက်ရွှေ တကျပ်သား ၅၉၇၈၀၀ ကျပ်၊ ဒီနေ့ တကျပ်သား ၆၀၁၈၀၀ ကျပ်အထိ ဈေးတက် သွား တယ်”ဟု ရန်ကုန်မြို့ ရွှေစင်ရတနာ ရွှေဆိုင်ပိုင်ရှင်နှင့်နီးစပ်သူ ရွှေကုန်သည်တဦးက ပြောပြသည်။

ယခု ရွှေဈေးမြင့်တက်ရခြင်းမှာ ကျပ် ၅၀၀၀ တန်ဂယက်ကြောင့် ငွေကြေးဖောင်းပွမှုဖြစ်မည်ကို စိုးရိမ်သည့် အတွက် ရွှေဝယ်ယူစုဆောင်းမှုများခြင်း၊ ကမ္ဘာ့ရွှေဈေးမြင့်တက်ခြင်းတို့ကြောင့် ဖြစ်ကြောင်း ရွှေဆိုင်ပိုင်ရှင် တဦးက ဆိုသည်။

ကမ္ဘာ့ရွှေဈေးသည်ထိုးတက်နေပြီး ရွှေတအောင်စလျှင် အမေရိကန် ဒေါ်လာ ၁၀၅၅ ဒေါ်လာအထိ ရောက်ရှိ နေကြောင်း သိရှိရသည်။

ထို့အပြင် ဆန်ဈေးနှုန်းများလည်း တဖြည်းဖြည်းမြင့်တက်မှုရှိလာကြောင်း ဘုရင့်နောင်ဆန်ဈေးကွက်မှ သိရှိ ရ သည်။

ပြည်တွင်း စီးပွားရေးပညာရှင်တဦးကမူ“အခုအစိုးရက ၅၀၀၀ တန်ကို ထိန်းထုတ်နေတယ်။ ဒါကြောင့် ဈေးက တက်သင့်သလောက်မတက် သေး ဘူး၊ အခုတက်နေတဲ့ဈေးနှုန်းတွေက ၅၀၀၀ တန်ကြောင့် ဖြစ်တဲ့ ငွေကြေး ဖောင်းပွမှုလို့ မဆိုနိုင်သေးပါဘူး”ဟု ဆိုသည်။

ရန်ကုန်မြို့ရှိ တရားမ၀င်ငွေလဲဈေးကွက်တွင် ယနေ့ ပေါက်ဈေး တဒေါ်လာ ၁၀၈၅ ကျပ်ရှိကြောင်း သိရှိရ သည်။

“ဒေါ်လာတန်ဖိုး တဖြည်းဖြည်းကျနေတယ်၊ မြန်မာငွေက တန်ဖိုးတက်နေတယ်၊ စက်တင်ဘာလ တုန်းက တဒေါ်လာ ၁၁၂၀ ကျပ်လောက်ကနေ အခု တဒေါ်လာ ၁၀၈၅ ကျပ် ထိဖြစ်သွားတာ၊ တကယ်လို့ အရင်ဈေး နဲ့သာဆိုရင် ရွှေဈေးက ၆၂၀၀၀၀ လောက်ရောက်နေမယ်”ဟု ရန်ကုန်ရွှေကုန်သည် တဦးက ဆိုသည်။

စစ်အစိုးရက ၅၀၀၀ ကျပ်တန် ငွေစက္ကူ အသစ်များကို အောက်တိုဘာ ၂ ရက်နေ့မှ စတင်၍ ထုတ်လုပ် အသုံးပြုခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)