post by Friday, October 23, 2009
ဝန်ကြီးချုပ်ဟောင်းမှာ ထိုင်းနိုင်ငံကိုကယ်တင်ဖို့ အဓိက စီမံကိန်း ၄ ခုရှိတယ်။
ဗိုလ်ချုပ်ကြီး ချာဗာလစ်ယောင်ချိုင်ယုဒ်ဟာ အတိုက်အခံ Puea Thai ပါတီမှာ ဥက္ကဋ္ဌလုပ်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ သူ့တာဝန်က မောင်းထုတ်ခံရတဲ့ ဝန်ကြီးချုပ် ဟောင်း ထပ်စင်ရှီနာဝပ်ထရာ၊ အိမ်ပြန်ရရရေးအတွက် လမ်းခင်းပေးဖို့ဖြစ်တယ် လို့ နိုင်ငံရေးအကဲခတ်သမားတွေက ယုံကြည်ကြတယ်။
သူက ဒါကိုမငြင်းဘဲ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ပထမခြေလှမ်း ဟာ ခွင့်လွှတ်တာပဲ ဖြစ်တယ်လို့ ပြောပါတယ်။
ဒါပေမဲ့ ထပ်စင်အိမ်ပြန်လာပြီး ထောင်ကျခံမှာလား၊ မခံဘူးလားဆိုတာက နောက်ကိစ္စတခု ဖြစ်တယ်။ “ပြဿနာ ဖြစ်နေတဲ့ပါတီတွေအကုန်လုံး တယောက် နဲ့တယောက် ခွင့်လွှတ်တာကိုပဲ ကျနော်တွေ့ချင်တယ်” လို့ ဗိုလ်ချုပ်ကြီး ချာဗာလစ်ကပြောပါတယ်။ သူ့အရင်မိန်းမဖြစ်တဲ့ ခွန်ယင်းပေါ့ ဂျမန်ဟာ ဘဏ္ဍာရေးအဖွဲ့အစည်းများ ပြန်လည်ထူထောင်ရေးရံပုံငွေ အဖွဲ့ဆီက မြေတကွက်ဝယ်ခဲ့တဲ့အမှုမှာ အပြစ်ရှိတယ်ဆိုတာကို တွေ့ရှိခဲ့အပြီးမှာ ထပ်စင်ကို ထောင်ဒဏ် ၂ နှစ် အပြစ်ပေးခဲ့တာဖြစ်ပါတယ်။
သူနိုင်ငံရေးနယ်ပယ်ထဲ ပြန်ဝင်ဖို့ဆုံးဖြတ်လိုက်တယ်။ ဘာလို့လဲဆိုတော့ တိုင်းပြည်ပြိုကွဲနေပြီလို့ သူထင်တယ်။ ဒါကြောင့် ဒီလိုဖြစ်နေ တာတွေကို သူ့အနေနဲ့ ကူညီမှဖြစ်မယ်လို့ ဆုမ်ချိုင်းဝေါင်ဆဝပ်အုပ်ချုပ်ရေးမှ ဒုဝန်ကြီး ချုပ်အဖြစ်ကနေ နှုတ်ထွက်ခဲ့တဲ့ လွန်ခဲ့တဲ့တနှစ် လောက်တုန်းက နိုင်ငံရေးကနေ အနားယူတော့မယ်လို့ ကြေညာခဲ့တဲ့ ဗိုလ်ချုပ်ကြီး ချာဗာလစ်က ပြောဆိုပါတယ်။
တိုင်းပြည်ကို အမျိုးသားပြန်လည် ရင်ကြားစေ့ဖို့ဆိုတာဟာ သူရည်ရွယ်ထားတဲ့ အထူးတာဝန်ကြီး ၄ ခုထဲကတခုဖြစ်ပြီး အမျိုးသားအစိုး ရဖွဲ့စည်းရေးဆိုတာဟာ ဒါကိုအကောင်အထည်ဖော်ဖို့ တခုတည်းသော နည်းလမ်းဖြစ်တယ် လို့တမြန်နေ့က ဘန်ကောက်ပို့စ်နဲ့ သီးသန့် အင်တာဗျူးတခုမှာ ဗိုလ်ချုပ်ကြီး ချာဗာလစ်က ထုတ်ဖော်ပြော ဆိုခဲ့တာပါ။
ဗိုလ်ချုပ်ကြီးချာဗာလစ်က တိတိကျကျ မပြောဆိုခဲ့ပေမဲ့လည်း မကြာမီမှာ အထွေထွေရွေးကောက်ပွဲ လုပ်မယ်။ ဒီမှာ Puea Thai ပါတီ က အောက်လွှတ်တော်မှာ အမတ်အများဆုံး အရွေးခံရမယ် ဆိုတဲ့ သူ့ယုံကြည်ချက်ကို သွယ်ဝိုက်ပြောဆိုလိုက်တာပါပဲ။ “အဲဒီအခါမှာ ပါတီအားလုံးကို ညွှန့်ပေါင်းအစိုးရထဲမှာပါဝင်ဖို့ ကျနော် ကမ်းလှမ်းမယ်။ ဒါဟာ တိုင်းပြည်ကို အမျိုးသားပြန်လည်သင့်မြတ်စေရေး ရစေ မယ့် တခုတည်းသောနည်းလမ်း ဖြစ်မှာဖြစ်တယ်” လို့ သူက ပြောပါတယ်။
အနီနဲ့အဝါတွေအကြား ကွာဟနေတာတွေနဲ့ပတ်သက်ပြီး “လယ်ကွင်းထဲက မီးတောက်တွေ” ဖြစ်တယ်ဆိုတဲ့ သူ့ရဲ့ သီဝရီကိုချပြပြီး “လယ်ကွင်းထဲမှာ နေရာအနှံ့ဖြန့်ပြီး ရှို့မယ်ဆိုရင် နောက်ဆုံး မီးက တကွင်းလုံးလောင် မှာဖြစ်တယ်” လို့ သူကပြောပါတယ်။ နိုင်ငံရေး ကွဲလွဲမှုတွေကို အတူထိုင်ပြီး ဖြေရှင်းကြဖို့ ဒေသအသီးသီးမှာရှိတဲ့ ရှပ်နီနဲ့ရှပ်ဝါ ထောက်ခံသူ အုပ်စုကလေးတွေကို သူ့အနေနဲ့အားပေး နေတယ်။ ဒါတွေပြီးရင် အတိုင်းအတာကြီး များတဲ့ အကွဲအပြဲတွေကို ဆက်တိုက်ဖြေရှင်းသွားမယ်ဆိုတာ သူ့အနေနဲ့ယုံကြည်တဲ့အ ကြောင်း ဗိုလ်ချုပ်ကြီး ချာဗာလစ်က ပြောဆိုပါတယ်။
ပဋ္ဋိပက္ခတွေ မဖြေရှင်းဘူးဆိုရင်တော့ နောက်ဆုံးမှာ သွေးခင်းလမ်းရောက်သွားနိုင်တယ် လို့ သူကပြောပါတယ်။ ဒီပြဿနာဖြစ်နေတဲ့ အုပ်စု ၂ ခုကို အတူပေါင်းစည်းဖို့ သူ့ကို အဓိကလူတယောက်အနေနဲ့ထားဖို့ အစောပိုင်းက ကမ်းလှမ်းဖူးကြောင်း၊ ဒါပေမဲ့ သူ့ကမ်းလှမ်း ချက်ကို လျစ်လျှူရှုခဲ့တဲ့အကြောင်း ဗိုလ်ချုပ်ကြီး ချာဗာလစ်က ပြောဆိုပါတယ်။ သူ့အနေနဲ့ လက်ရှိလုပ်နေတဲ့အခြေခံဥပဒေပြင်ဆင်ရေး ကို စိတ်မဝင်စားကြောင်း၊ ဒါဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်နိုင်လိမ့်မယ်လို့ သူမယုံကြည်ကြောင်း၊ ဗိုလ်ချုပ်ကြီးချာဗာလစ် က ပြောဆိုပါတယ်။
သူလုပ်မယ့်ဒုတိယတာဝန်ကတော့ ထပ်စင်နဲ့သူ့နောက်လိုက်တွေဟာ ဘုရင်ကို သစ္စာရှိပါတယ်ဆိုတာကို ပြည်သူလူထုကို သက်သေပြ ဖို့ပဲဖြစ်တယ် လို့ဆိုပါတယ်။ တတိယတာဝန်ကတော့ တောင်ပိုင်းဆူပူမှုတွေ အဆုံးသတ်ရေးဖြစ်ပါတယ်။ ဒီဒေသကိုသွားဖို့ စီစဉ်ထားပြီး လျှို့ဝှက်ဆွေးနွေးပွဲတွေလုပ်ဖို့ ပြင်ထားပါတယ်။ ဒါပေမဲ့ အသေးစိတ် ဘာလုပ်မယ်ဆိုတာတော့ ရှင်းမပြပါဘူး။ နောက်လ စောစောပိုင်း မှာ ဗိုလ်ချုပ်ကြီးချာဗာလစ်ဟာ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်နဲ့တွေ့ဖို့လည်း စီစဉ်ထားပါတယ်။
“တောင်ပိုင်းဆူပူမှုတွေဟာ တိုင်းပြည်လုံခြုံရေးအတွက် အဓိကစိုးရိမ်စရာတခု ဖြစ်တယ်။ ဒီကနေ ပြင်ပအဖွဲ့အစည်းတွေ ဝင်ရောက် နှောက်ယှက်လာမှာ ဖြစ်တယ်။ ဒါကြောင့် ပိုပြီးရှုပ်မလာခင်မှာ ဒါကိုချက်ချင်းဖြေရှင်းရမှာ ဖြစ်တယ်” လို့ သူကပြောပါတယ်။ နောက်ဆုံး တာဝန်ကတော့ ထိုင်းနိုင်ငံနဲ့ အိမ်နီးခြင်းနိုင်ငံတွေအကြား နားလည်မှုလွဲနေတာတွေ ဖြေရှင်းရာမှာ ကူညီဖို့ ဖြစ်ပါတယ်။
သူနဲ့ ကမ္ဗောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်တို့ဟာ မိတ်ဆွေဖြစ်တာ ကြာလှပြီဖြစ်တာကြောင့် မကြာသေးခင်က သူကမ္ဗောဒီးယားသွား တယ်ဆိုတာလည်း သူယူထားတဲ့ တာဝန်တွေရဲ့ တစိတ်တပိုင်းဖြစ်တယ်။ မိတ်ဆွေတွေဖြစ်လို့ ၂ နိုင်ငံအကြာင်းအငြင်းပွားမှုတွေကို အ လွယ်တကူဖြေရှင်းနိုင်ပါတယ် လို့ သူက ခုခံကာကွယ်ပြောဆိုပါတယ်။ ထိုင်းနဲ့ ကမ္ဗောဒီးယားဟာ Preah Vihear ဘုန်းကြီးကျောင်းဝင်း ပတ်လည်က မြေနေရာနဲ့ပတ်သက်လို့ အငြင်းပွားမှုတွေ ဖြစ်ခဲ့ကြပါတယ်။ သူ့အနေနဲ့ နောက်လမှာ မလေးရှားကို သွားမှာဖြစ်ပြီး နောက် ပိုင်းမှာ ဗမာပြည်ကိုလည်းသွားဖို့ အစီအစဉ်ရှိပါတယ်။
သူ့အနေနဲ့ Puea Thai ပါတီဝင်ပြီးမှသာ ဒီအထူးတာဝန်တွေ ဘာကြောင့်လုပ်တာလဲလို့ မေးတဲ့အခါ ဒီအထူးတာဝန်တွေ ပြီးမြောက်ဖို့ လှုပ်ရှားမှုတွေကို အထောက်အကူပေးဖို့ နိုင်ငံရေးအဆင့်နေရာ တခုလိုကြောင်း ဗိုလ်ချုပ်ကြီး ချာဗာလစ်က ပြောဆိုပါတယ်။ “ဒါပေမဲ့ ကျနော့်အနေနဲ့ တကယ်ပဲ တိုင်းပြည်ကို ကယ်တင်ချင်တာဖြစ်ပြီး ဒီမိုကရက်တွေဦးဆောင်တဲ့ အစိုးရအတွက် အနှောင့်အယှက် ဖြစ်စေ မှာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။ အထူးတာဝန်တွေ ဘယ်အချိန်မှာပြီးမလဲဆိုတာတော့ ဗိုလ်ချုပ်ကြီးချာဗာလစ် မပြောနိုင်ပေမဲ့၊ သူ့ အနေနဲ့ကတော့ ဒီလုပ်ငန်းတွေ မြန်နိုင်သမျှ မြန်မြန်အောင်မြင်အောင် အကောင်းဆုံးဆောင်ရွက်သွားမှာ ဖြစ်တယ် လို့ ပြောဆိုပါတယ်။
No comments:
Post a Comment