Wednesday, October 14, 2009

ဆေးကုသမှု မထိရောက်၍ ဟင်္သာတမှ H1N1 ဝေဒနာရှင်များ သေဆုံးမှုရှိ

Submitted by Karen Information Center on October 13, 2009 – 4:52 amNo Comment
အောက်တိုဘာ ၁၃။ နန်းထူးစံ (ကေအိုင်စီ)

မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်တွင် ယခင်လမှစ၍ (H1N1) ဝက်တုပ်ကွေးဖြစ်ပွားခဲ့ပြီး ရောဂါကူးစက်ခံသူများမှာ ထိရောက် သည့် ဆေးကုသမှုကို မရရှိသည့်အတွက် မသေသင့်ဘဲ သေဆုံးသွားသူများရှိနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူတဦး၏ ပြောပြချက်အရ သိရသည်။

အဆိုပါမျက်မြင်က “ကျမတွေ့ရသလောက်က ရောဂါဖြစ်ပွားသူ အများအစုဟာ အသက် ၃နှစ်က ၁၆နှစ်အရွယ် ကလေးတွေ ပိုဖြစ်များ တယ်။ နောက်တော့ လူကြီးတွေပါ ပါလာပေမယ့် လူကြီးဦးရေက နည်းတယ်။ ရောဂါဖြစ်တဲ့ လက္ခဏာက ကြောက်စရာကြီး။ အပူချိန်က ၁၀၂ ဒီဂရီ အောက်မကျဘူး။ ၁၀၃၊ ၁၀၄ ဒီကရီအထိသက်သက်ပဲ။ ပြီးရင် ကလေးတွေဆို အယောက်တိုင်း သွေးသွင်းရတယ်။ ကျမ ရောက် သွားတဲ့ အချိန်နှစ်ရက်အတွင်းမှာ ကလေးအပါအ၀င် လူ(၃)ယောက်လောက် သေဆုံးသွားတယ်။ အခုလည်း ဖြစ်နေပဲလို့ကြားတယ်” ပြော သည်။

H1N1 ရောဂါ ခံစားနေရသူများသည် ဟင်္သာတမြို့ရှိ ပြည်သူ့ဆေးရုံတွင် သွားရောက် ဆေးကုသမှု ခံယူခဲ့သော်လည်း ဆေးဝါးများ လုံ လောက်မှု မရှိဘဲ ဝေဒနာများ သက်သာလာစေရန် တာဝန်ကျ ဆေးဆရာ၊ ဆရာမများက ဆေးရုံရှိ သာမန်ဆေးများနှင့်သာ ကုသမှုပေးနေရ ပြီး အချို့သော လူနာများမှာ မသက်သာလာသည့်အပြင် ပိုမိုဆိုးဝါးလာသည်ဟု ထိုဆေးရုံကို ကိုယ်တိုင်ရောက်ရှိခဲ့သူ ပုသိမ်မြို့ခံတဦးက ပြောသည်။

သူမက “ဟင်္သာတဆေးရုံမှာ ကျမရောက်ရှိတဲ့အချိန်က ရောဂါစဖြစ်တဲ့အချိန်ပေါ့၊ ဆေးရုံမှာ လူတွေအပြည့်ပဲ။ သိတဲ့အတိုင်းပဲ မြန်မာပြည် ဆေးရုံတွေမှာ ဆေးမရှိဘူးလေ။ ဆေးမရှိတဲ့အခါကျတော့ ဆရာဝန်တွေက ပါရာစီတမောတို့၊ ဓါတ်ဆားမှုန့်တို့တိုက်တယ်။ ရောဂါတခြား ဆေးတခြားဖြစ်နေတော့ ဘယ်သက်သာလာမှာလဲ။ တချို့လူနာတွေဆို ပါရာဆေးကိုပဲ ဖိတိုက်ခံရတော့ အရေပြားမှာ ယားနာတဲ့ အဖုအပိန့် လေးတွေပါ ပေါက်လာတာကို တွေ့ရတယ်”ဟု ကေအိုင်စီကို ပြောသည်။

“အဲဒီမှာ လူနာတွေက ဘယ်လောက်များသလဲဆိုရင် ပြင်ပဆေးခန်းမှာ တန်းစီနေတဲ့ လူနာတန်းကြီးဟာ ဆေးခန်းအပြင်ထိ ရှည်တယ်။ ဆေးခန်းက ဆရာဝန်ဆိုရင် မွန်းလွဲ ၂နာရီကျော်နေတာတောင် ထမင်းမစားအားဘူး။ အဲလောက်အထိ လူတွေအဖြစ်များတာ”ဟု ပုသိမ်မြို့ခံ က ဆက်လက်ပြောဆိုသည်။

အဆိုပါ H1N1 ရောဂါဖြစ်ပွားမှုသည် ဟင်္သာတဒေသ တခုတည်းမကဘဲ ဧရာဝတီတိုင်းအတွင်းရှိ အခြားမြို့များနှင့် ကျေးနယ်များတွင်ပါ ပြန့်နှံ့ ဖြစ်ပွားလျှက်ရှိသော်လည်း ၎င်းမြစ်ဝကျွန်းပေါ်ဒေသရှိ သက်ဆိုင်ရာ အာဏာပိုင်များက အဆိုပါဝက်တုပ်ကွေး(H1N1)ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ သတင်းမထွက်အောင် ပိတ်ပင်တားမြစ်ထားသည်ဟုလည်း သိရသည်။

ကမ္ဘာတလွှားရှိ နိုင်ငံများက လက်ရှိကူးစက်ဖြစ်ပွားလျှက်ရှိသော ဝက်တုပ်ကွေး(H1N1)ရောဂါဆိုးကြီးကို ကူးစက်ပြန့်နှံ့မှု မများအောင် သက် ဆိုင်ရာ နိုင်ငံများက အစိုးရများက ၎င်းတို့ ပြည်သူလူထုများအတွက် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု၊ ကာကွယ်မှု၊ ပညာပေးမှု စသည့်လုပ်ငန်းများကို အာရုံစိုက် ကြိုးပမ်းလုပ်ဆောင်နေသော်လည်း မြန်မာနိုင်ငံမှာမူ ပြည်သူများ အဆိုပါရောဂါကူးစက်ခံရသည်ကိုပင် ဖော်ပြခွင့်မရသည့်အပေါ် ရင်နာမိသည်ဟု ဒေသခံများက ဆိုသည်။

အမည်မဖော်လိုသူ ဒေသခံတဦးက “အခုဆို ကျမတို့ ဟင်္သာတမှာ ဒီတုပ်ကွေးရောဂါ အမျိုးအစားနဲ့ သေတဲ့သူက ဆယ်ယောက်လောက်က အနည်းဆုံးပဲ။ ဒါပေမဲ့ အစိုးရသတင်းစာမှာပါတာက ၂ယောက်၊ ၃ယောက်ပဲ။ အတော် စိတ်နာဖို့ကောင်းတယ်”ဟု ဆိုသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ကေအိုင်စီမှ ဟင်္သာတမြို့ဆေးရုံရှိ သူနာပြုများကို ဆက်သွယ်မေးမြန်းသော်လည်း ပြောဆိုခွင့်မရှိကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

အောက်တိုဘာ (၈)ရက်နေ့ထုတ် စစ်အစိုးရပိုင် ကြေးမုံသတင်းစာတွင် ကမ္ဘာ့လူ့တုပ်ကွေးကပ်ရောဂါခေါ် (New Influenza A-H1N1) ဝက် တုပ်ကွေးရောဂါ ထိန်းချုပ်မှုလုပ်ငန်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံကျန်းမာရေး ၀န်ကြီးဌာနက ဧပြီလမှ စတင်၍ အရှိန်မြှင့် ဆောင်ရွက်လျှက် ရှိရာ ယခုအချိန်ထိ လူနာသေဆုံးမှုမရှိဘဲ အတည်ပြုနိုင်သည့် လူနာပေါင်း (၅၆)ဦးအနက် ၅၀ဦးမှာ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီး ဖြစ်ကြောင်း ဖော်ပြထားသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)