Saturday, November 21, 2009

ကရင့်လယ်ယာလုပ်ငန်းနှင့်ဖီ့ဗူးယော် (စပါးစောင့်နတ်)

ဆောင်းပါးရှင် -နန်းကဗျာ
နိုဝင်ဘာ ၁၆၊ ၂၀၀၉

အရှေ့ပိုးကရင်လူမျိုးများ ပူဇော်ပသ ကျွေးမွေးသောရိုးရာများအနက် ဖီ့ဗူးယော် ပူဇော်ပသကျွေးမွေးခြင်းသည် တစ်ရပ်အပါအ၀င်ဖြစ်သည်။ ကရင့်အခေါ် (ဖီ့္ဘူးယ၀်) ဖီ့ဗူးယော်သည် တောင်ယာနှင့် လယ်ယာလုပ်ငန်း ထုတ်လုပ်မှုတွင် အစဉ်ကူညီစောင့်ရှောက်၍ စောင်မသည်ဟု ယုံကြည်ကြသည်။ ကရင် တောင်သူလယ်သမားတို့၏ လယ်ယာလုပ်ငန်းခွင်ဆိုင်ရာ ပူဇော်ပသမူအနက် ဖီ့ဗူးယော်သည် အထွတ်အမြတ်ဆုံးအထားဖြစ်သည်။

ကရင့် တောင်သူလယ်သမားတို့ အထွတ်အမြတ်ထားသော ဖီ့ဗူးယော်သည် စင်စစ်အားဖြင့် စပါးစောင့်နတ်ဟူ၍ တိုက်ရိုက်ပြန်ဆိုနိုင်သည်။ မြန်မာလူမျိုးတို့ လယ်ယာစောင့်နတ် စပါးစောင့်နတ်ဖြစ်သော ပုန်းမကြည်နတ်ကဲ့သို့ပင် ဖြစ်သည်။ ကရင်တောင်သူလယ်သမားတို့တွေ လုပ်ငန်းခွင်ဝင်၍ ထွန်ယက်ပြီးသောအခါ စပါးစိုက်ပျိုးရန် ဦးစွာ ဖီ့ဗူးယော်အတွက် စိုက်ရသည်။ လယ်၏ထိပ်ဦးဆုံး လယ်ကွက်တွင် ခေါင်းရင်းဖက်ကျသောထောင့်၌ ဖီ့ဗူးယော်အတွက် ကောက်ခုနှစ်ပင် သို့မဟုတ် စပါးမျိုးခုနှစ်ဖုတ်ကို သီးသန့်အရင် စိုက်ပျိုးရသည်။


အခြားသော ကောက်ပင်များနှင့် မရောနှော မမှားစေရန် သီးသန့်စိုက်ပျိုးထားခြင်း ကျွဲနွားလူသူများ မဖျက်ဆီးနိုင်ရန် လုံခြုံအောင် ကာရံထားကြသည်။ လယ်ကွင်းတွင် ရှေးဦးစွာ ဖီ့ဗူးယော်စပါးကို စိုက်ပျိုးပြီးမှသာ ကျန်လယ်ကွက်များကို စိုက်ပျိုးကြလေ့ရှိသည်။ အချို့သော ကရင်တောင်သူလယ်သမားတို့သည် စပါးစိုက်ပျိုးရန် နေ့ကောင်းရက်မြတ် ရောက်ရှိ၍ စပါးမစိုက်နိုင်ခဲ့သေးသည်ရှိသော် ဖီ့ဗူးယော်စပါးကို စတိအဖြစ်စိုက်ထားလိုက်သည်။ ထို့နောက်တွင် မည်သည့်နေ့ရက်မဆို စပါးစိုက်၍ ရနိုင်သည်ဟု လက်ခံထားကြသည်။ ကရင့်အခေါ်အားဖြင့် "လင်ဆိက်ခေါဟ်" ကောက်ဦးပျိုးခြင်း ဟူ၍ အဓိပ္ပာယ်ရသည်။

စပါးများဝင်းမှည့်၍ စပါးရိတ်သိမ်းသောအခါတွင်မူ ဖီ့ဗူးယော်စပါးကို ကွက်၍ချန်ထားကြသည်။ အခြားသောစပါးကိုသာ ရိမ်းသိမ်းပြီး ဖီ့ဗူးယော်စပါးနှင့် စိုက်ထားသော လယ်ကွက်ကို နောက်ဆုံးမှရိမ်းသိမ်းကြသည်။ စပါးရိတ်ပြီး၍ စပါးပင်များ ခြောက်လာပြီး ကောက်လှိုင်းများ ရုပ်သိမ်းကုန်သော နောက်ဆုံးနေ့တွင် ဖီ့ဗူးယော်စပါးကို ရိတ်သိမ်းလိုက်သည်။

ဖီ့ဗူးယော်စပါးကို ရိတ်သိမ်းရာတွင် နံနက်စောစော နေထွက်ချိန်တွင် ရိတ်ယူပြီး ကောက်လှိုင်းဖြစ်အောင် စည်းနှောင်၍ ကောက်လှိုင်းကြီး တစ်လှိုင်းနှင့်အတူ ၀ါးချွန်လျှို၍ တလင်းရှိရာသို့ထမ်းပြီး ယူဆောင်လာသည်။ ကရင့်အခေါ် "ယှောဟ်္ဘူးဝီ့လာ" စပါးလိပ်ပြာခေါ်ခြင်းကို ပြုကြလေသည်။

ဖီ့ဗူးယော်စပါးကို ယူဆောင်၍ တလင်းသို့ရောက်သောအခါ ၀ါးတစ်ချောင်းကိုအခက်အရွက်သပ်ပြီး အဖျားပိုင်းတွင် အခက်အရွက်များ အနည်းငယ်ချန်၍ ဖီ့ဗူးယော်စပါးကို ချည်နှောင်ထားလိုက်သည်။ ဖီ့ဗူးယော်စပါးတွဲနှင့်အတူ ကောက်ညှင်းဖင်ချွန် ကြက်မောက်ပန်းနီ ဍရင်ကောက်နွယ်များနှင့် စုတွဲချည်လိုက်ပြီး အမြင့်ဆုံးကောက်လှိုင်းပုံပေါ်တွင် စိုက်ထူလိုက်သည်။ တလင်းတွင်စပါးနယ်ပြီး လှေ့ခါနီးအချိန်တွင် ဖီ့ဗူးယော်စပါးတိုင်ကို စပါးပုံသို့ရွှေ့ပြောင်း စိုက်ထူရသည်။

ထို့အတူ စပါးနယ်ပြီးသောအခါ စပါးပုံပေါ်သို့ ဖီ့ဗူးယော်စပါးကို စိုက်ထူရပြန်သည်။ စပါးများလှေ့ပြီး၍ တင်းတောင်းဖြင့်ချိန် စပါးကျီသို့ သွင်းရာတွင် နောက်ဆုံးကျန်သော စပါးတောင်းတွင် ဖီ့ဗူးယော်စပါးတွဲကို ဖြုတ်ယူပြီး စပါးကျီထဲသို့ ထည့်လိုက်လေသည်။ ထိုသို့ ပြုလုပ်ခြင်းမှာ ဖီ့ဗူးယော်သည် စပါးကို အဆင့်ဆင့် စောင့်ရှောက်ခြင်းဖြစ်ရာ ဖီ့ဗူးယော်စပါးကိုသိမ်းဆည်းထားပါက စပါးအထွက်တိုးခြင်း သဘာဝဘေးဒဏ်နှင့် ပိုးမွှားဖျက်ဆီးသော အန္တရာယ်မှကင်းခြင်း စပါးများအကုန်မမြန်ဘဲ အစားခံခြင်းစသော အကျိုးကိုပေးသည်ဟု ယုံကြည်ထားကြသည်။

ဖီ့ဗူးယော်၏ ဂုဏ်ကျေးဇူးကို တုံ့ပြန်ပေးဆပ်သောအားဖြင့် ကရင်လူမျိုးတို့၏ နှစ်စဉ် ကောက်ဦးစားပွဲ ကျင်းပရာတွင် ဖီ့ဗူးယော်ကို ပသကျွှေးမွေးခြင်းပြုကြသည်။ ကောက်ဦးစားပွဲတွင် ဖီ့ဗူးယော် ယာယီ စံမြန်းနိုင်ရန် မြင့်မားသောစင်တစ်ခုကို ဒေါက်သုံးတိုင် ဆောက်လုပ်ပေးသည်။ စင်မြင့်ထိပ်တွင် သိန်းငှက်ရုပ်တစ်ခုကို ရက်ယူပြီး တင်ထားလေသည်။

သိန်းငှက်သည် ဖီ့ဗူးယော်မရှိသည့်အခါ ဖီ့ဗူးယော်ကိုယ်စား စပါးများကို လာရောက်စောင့်ရှောက်ပေးသည်ဟု အယူရှိကြသည်။ (မှတ်ချက်။ ။ စပါးများမှည့်ဝင်း၍နေချိန်တွင် ကောင်းကင်ယံ၌ သိန်းငှက်များဝဲလေ့ရှိသည် ထိုသို့သိန်းငှက်များဝဲလျှင် စပါးကိုကိုက်ဖြတ်စားသောက် ဖျက်ဆီးသောကြွက်သတ္တ၀ါများ ပိုးမွှားများ မထွက်ရဲ၍ မြေတွင်းအောင်း တိမ်းရှောင်ခြင်းကို ရည်ညွန်းခြင်းဖြစ်သည်ဟု ဆိုကြသည်။)

ကောက်ဦးစားပွဲပြုလုပ်ရာတွင် ဆောက်လုပ်ထားသော ဖီ့ဗူးယော်စင်မြင့်အောက်၌ ချောမောနေအောင် သပ်ထားသောဝါးလုံးတစ်လုံးကို တွဲလောင်းချည်ထားကြသည်။ ၀ါးလုံးတွယ်တက်ပြိုင်ပွဲ၊ နပန်းပြိုင်ပွဲ တို့ကို တခမ်းတနား ပြုလုပ်လေ့ရှိသည်။ တွဲလောင်းချထားသော ၀ါးလုံးတွယ်တက်ပြိုင်ပွဲ၊ နပန်းပွဲပြုလုပ်ပေးခြင်းမှာ ဖီ့ဗူးယော်က သားတော်၊ မြေးတော်များ ကျန်းမာရွှင်လန်း၍ မြုးတူးပျော်ရွှင်နေခြင်းကို ရှုစားလို၍ဖြစ်သည်ဟု ဆိုကြသည်။ စင်စစ်မှာ ရှေးလူကြီးများက ကျွမ်းကျင်မှုတစ်ရပ်ကို အလေ့အကျင့် မပျက်စေရန် ရည်ရွယ်၍ ပြိုင်ပွဲကို ခင်းကျင်းခြင်း
ဖြစ်သည်။

ရှေးအခါက ကရင်လူမျိုးတို့သည် တောင်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည့်အပြင် အချိန်အခါကိုလိုက်၍ ပျားဖွပ်သောလုပ်ငန်းကိုလည်း လုပ်ကိုင်ကြသည်။ တောင်ကမ်းပါး တစ်နေရာနှင့် တစ်နေရာ ဖြတ်ကုးရာမှာလည်း နွယ်များကို အသုံးပြု၍ ဖြတ်ကူးခြင်းလည်းရှိသည်။ နွယ်ကိုတွယ်တက်သော အတတ်ကျွမ်းကျင်မူမှာ လူတိုင်း၌ရှိရန် လိုအပ်၍ အလေ့အကျင့်မပျက်စေရန် ကောက်ဦးစားပွဲတွင် ၀ါးလုံးတွယ်တက်ပြိုင်ပွဲကို ပြုလုပ်ကြသည်။

ထို့အတူ တောတောင်များ သွားလာရာတွင် သားရဲတိရစ္ဆာန်တို့၏ ဘေးရန်နှင့် ကြုံတွေ့တတ်ပေသည်။ ထိုသို့ ရန်သူနှင့်ကြုံတွေ့သည့်အခါ လက်နက်မဲ့ ခုခံကာကွယ်နိုင်ရန် နပန်းပညာကို သင်ထားကြရသည်။ လက်နက်မဲ့ နပန်းပညာကို အလေ့အကျင့် မပျက်စေရန် ရည်ရွယ်၍ နပန်းပြိုင်ပွဲကို ပြုလုပ်ကြသည်ဟု လူကြီးများက ဖွင့်ဟဆိုကြသည်။
--
နန်းကဗျာ

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)