Thursday, November 12, 2009

နအဖ ထုတ်ပြန်သည့်သတင်း ဖြစ်နိုင်ခြေမရှိဟု ကေအဲန်ယူပြော

Submitted by Karen Information Center on November 11, 2009 – 6:06 am
နိုဝင်ဘာလ ၁၁ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ခရီးသည်တင်သင်္ဘောအား ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူ တပ်ဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ခရီးသည် သုံးဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရသည်ဟု ယနေ့ထုတ် စစ်အစိုးရပိုင် ကြေးမုံသတင်းစာတွင် ထုတ်ပြန်ရေးသားခြင်းသည် ဖြစ်နိုင်ခြေမရှိကြောင်း ကေအဲန်ယူက ပြောသည်။

ကေအဲန်ယူ တွဲဘက်အတွင်းရေးမှူး (၁) ဗိုလ်မှူးစောလှငွေက “အဲဒီဂွင်မှာ ကျနော်တို့ တပ်မဟာ (၁)နယ်မြေ တပ်ရင်း (၁) လှုပ်ရှားရာဒေသဖြစ်ပေမယ့် သွားတိုက်လို့ရှိရင် တရက်ခရီးသွားရမယ်။ တိုက်ပြီး အပြန်ခရီးမှာ ရန်သူတွေ ရဲ့ ချောင်ပိတ်မှုခံရမှာပေါ့။ အခုဖြစ်တာက မနက် ၇နာရီမှာဆို တော့ ဒါ လုံးဝဖြစ်နိုင်ခြေမရှိဘူး။ အဲဒီဒေသတွေမှာ နအဖနဲ့ ဒီကေဘီအေတပ်တွေပဲ လှုပ်ရှားနေ တာ။ အခုဖြစ်တာ သူတို့အချင်းဖြစ်တဲ့ ကိစ္စလည်းဖြစ်နိုင်တယ်။ ဒါ နအဖ သတင်းစာကိုး။ ရေးချင် သလို ရေးလို့ရတာပေါ့”ဟု ပြောသည်။

မြန်မာ့အလင်းသတင်းစာတွင် ကရင်ပြည်နယ် ဘားအံမြို့နယ် ဘားအံမှ ရွှေဂွန်းသို့ နေ့ချင်းပြန်ပြေး ဆွဲသည့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ “စောဥမ္မာ”ခရီးသည်တင်သင်္ဘောသည် ရွှေဂွန်းရွာမှ ယမန်နေ့မနက်ပိုင်းတွင် စ တင်ထွက်ခွာရာ တကောင်ဘိုးရွာသို့ နံနက် ၇နာရီ ၁၅မိနစ်တွင် ရောက် ရှိပြီး နံနက် ၇း၂၀နာရီအချိန်တွင် တ ကောင်ဘိုးရွာမှ ဆက်လက်ထွက်ခွာလာစဉ် အင်အား ၂၀ခန့်ရှိ ကေအဲန်ယူတပ်ဖွဲ့များက ကမ်းစပ်မှ လက်နက် ငယ်များဖြင့် ပစ်ခတ်ခဲ့ရာတွင် ခရီးသည် သုံးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရေးသားထားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ကေအဲန်ယူ တပ်မဟာ (၁)အတွင်းရှိ တပ်ဖွဲ့ဝင်များက သတင်းပေးပို့လာ ခြင်းမရှိသည့် အပေါ် လုံးဝ အတည်မပြုနိုင်ကြောင်း ဗိုလ်မှူးစောလှငွေက ဆက်ပြောသည်။

အလားတူ လွန်ခဲ့သည့် မေလ (၁၆)လတွင်လည်း စစ်အစိုးရထုတ် မြန်မာအလင်းသတင်းစာတွင် ကေအဲန်ယူ ဗဟို အထူးတပ်ရင်း (၂၀၁)မှ ဗိုလ်ကြီးအဆင့်ရှိ စောစိန်မောင်ဌေး ဦးစီးတပ်ရင်း (၂၀၁)နှင့် တပ်ရင်း (၁၆)မှ တပ်ဖွဲ့ဝင် အင်အား ၁၄ဦး၊ မိသားစုဝင် ၂၃ဦး စုစုပေါင်း အင်အား ၃၇ဦး သည် လက်နက်ခဲယမ်းမျိုးစုံနှင့်အတူ မေလ ၁၃ရက် နေ့တွင် စောထိန်မောင်/စောနေစိုးမြတပ်ဖွဲ့ တည်ရှိရာ ထို့ကော်ကိုးကျေးရွာသို့ ပူးပေါင်းရောက်ရှိလာခဲ့သည်ဟု တဖက်သတ် ရေးသားခဲ့သည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)