KAREN NATIONAL UNION
KAWTHOOLEI
ကရင်အမျိုးသားနှစ်သစ်ကူးနေ့တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး
ဥက္ကဌဗိုလ်ချုပ်ကြီးစောတာမလာဘော၏ ပြောကြားသောမိန့်ခွန်း
ပြည်တွင်းပြည်ပရှိကရင်အမျိုးသားအပေါင်းတို့-KAWTHOOLEI
ကရင်အမျိုးသားနှစ်သစ်ကူးနေ့တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး
ဥက္ကဌဗိုလ်ချုပ်ကြီးစောတာမလာဘော၏ ပြောကြားသောမိန့်ခွန်း
ခေါင်းဆောင်-ရဲဘော်အပေါင်းတို့-
ဒီကနေ့ဟာ ကရင်သက္ကရာဇ် (၂ရ၄၉)ခုနှစ်၊ သလေလဆန်း (၁)ရက်နေ့၊ ခရစ်သက္ကရာဇ် (၂၀၀၉)ခုနှစ်၊ ဒီဇင် ဘာလ (၁၆)ရက်နေ့သည် ကရင်အမျိုးသားနှစ်သစ်ကူး မင်္ဂလာအခါသမယ ကျရောက်ချိန်ဖြစ်ပါတယ်။ ဒီလိုနှစ် သစ်မင်္ဂလာနေ့မြတ်ကို ကြုံကြိုက်ပြန်ရတာဟာလည်း ထပ်မံဝမ်းမြောက်ဝမ်းသာ ဖြစ်ဖွယ်ဖြစ်ပါတယ်။ ဒါကြောင့် နေရာဒေသအသီးသီးမှာ နေထိုင်ကြတဲ့ကရင်အမျိုးသားတဦးစီတိုင်းကို ကိုယ်စိတ်နှစ်ဖြာကျန်းမာ၍ ချမ်းသာပါ စေကြောင်း ဆုမွန်ကောင်းများပို့သရင်း နှစ်သစ်ကူးနှုတ်ခွန်းဆက်အမှာစကားပြောကြားလိုပါတယ်။
ပထမအနေနဲ့ မိမိတို့ကရင်အမျိုးသားဆိုတာ လူမျိုးငယ်လေးတစုမျှသာမဟုတ်ကြောင်း ဦးစွာပြောကြားလိုပါ တယ်။ ဘီစီ 739 ကပြီး ဒီတိုင်းပြည်ထဲကို ဦးစွာပထမ၀င်ရောက်လာခဲ့တဲ့ လူမျိုးတမျိုးဖြစ်သလို လွန်ခဲ့သော နှစ် ပေါင်းထောင်ကျော်မှာ လွတ်လပ်ငြိမ်းချမ်းစွာ နေလာနိုင်ခဲ့လူတွေလည်းဖြစ်ပါတယ်။ ဒါပေမယ့် သက်ဦးဆံပိုင် မွန်ဘုရင် ဗမာဘုရင်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်ဖိနှိပ်ညှင်းပမ်းမှုကြောင့် ငြိမ်းချမ်းလွတ်လပ်စွာ မနေနိုင်ခဲ့ကြ တော့တာ မဟာဗမာဝါဒီ စစ်အာဏာရှင်များရဲ့အုပ်စိုးတဲ့ခေတ် ယနေ့ကာလတိုင်အောင်ဖြစ်ပါတယ်။ ဒီနိုင်ငံမှာ ကရင်လူမျိုးဟာ လူမျိုးတမျိုးဖြစ်တာနဲ့အညီ မိမိတို့နဲ့ထိုက်တန်တဲ့ အမျိုးသားကိုယ်ပိုင်ပြဌါန်းခွင့် အခွင့်အရေးက လည်းပြီး မိမိတို့ဖာသာ ကိုယ့်အားကိုယ်ကိုးတိုးတက်ကြီးပွားအောင် လုပ်နိုင်ခွင့်ရကြဘို့လိုတယ်။ ဒီနေရာမှာ အမျိုးသားရဲ့စကား စာပေနဲ့ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းစောက်ရှောက်ရေးကိစ္စဟာ အလွန်အရေးကြီးကြောင်း ထပ်မံအသိပေးလိုက်ပါတယ်။ ကရင့်တော်လှန်ရေးနဲ့ ကေအဲန်ယူအဖွဲ့အစည်း ခေါင်းဆောင်ရပ်တည်နိုင်တဲ့အ တွက်အရှေ့ဘက်မှ ကရင်အမျိုးသားတွေဟာ မိမိရဲ့ဘာသာစကားကို ပြောကြားခွင့်ရပြီး ကရင့်စာပေကိုလည်း အစုံလင်သင်ယူခွင့်ရနေကြသေးတယ်။ မြစ်ဝကျွန်းပေါ်၌ မြို့ပြဒေသမှာရှိတဲ့ ကရင်အများစုကြီးတော့ဒီလိုအခွင့် အရေးတွေ အကြီးအကျယ်ဆုံးရှုံးနေလို့ ကရင်ဖြစ်ပြီး ကရင်စကားမပြောတတ်၊ ကရင်စာပေမရေးတတ်၊ မဖတ်တတ်ကြဘူး။ တချိန်တည်းမှာဘဲ စာပေလည်းပျောက်၊ လူမျိုးပျောက်မဖြစ်အောင် ၀ိုင်းဝန်းထိန်းသိမ်း ကြတဲ့ မြို့ပြနဲ့မြစ်ဝကျွန်းပေါ်က ကရင်မျိုးချစ်တွေ ဘာသာရေးဘက်ဆိုင်ရာ ပုဂ္ဂိုလ်အဖွဲ့အစည်းများရဲ့ ကဏ္ဍကို လည်း အသိအမှတ်ပြုကြရမှာဖြစ်တယ်။ အဲဒီနေရာတွေမှာ ကရင်ဘာသာစကား ကရင်စာပေဟာ တစုံတရာ ရှင်သန်နေသေးတာဖြစ်တယ်။ ဒီကနေ့မှာ ကရင်အမျိုးသားအခွင့်အရေးအတွက် တော်လှန်ရုန်းကန်တိုက်ပွဲဝင် နေကြရင် ကရင်တော်တော်များများဟာ ကမ္ဘာအနှံ့ ပြန့်နှံ့ရောက်ရှိနေကြပြီဖြစ်လို့ ကရင်လူမျိုးတမျိုး ဤကမ္ဘာ မြေပေါ်မှ လုံးဝဆိတ်သုန်းပျောက်ကွယ်ခြင်း မရှိရလေအောင် ကိုယ့်အမျိုးသား ဘာသာစာပေစကားနဲ့ ရိုးရာအ စဉ်အလာကောင်းများကို အစွမ်းကုန်ထိန်းသိမ်းကြဘို့လိုတယ်။ ဒါ့ကြောင့် ကရင်တိုင်းက ဒီကိစ္စအပေါ် အထူး လေးနက် သတိပြုဘို့လိုတယ်။
ဒုတိယအနေဖြင့် ကရင်အမျိုးသားတို့၏သမိုင်းကို ပြန်လည်ဆန်းစစ်ကြည့်လျှင် အုပ်စိုးသူအဆက်ဆက်တို့၏ ဖိနှိပ်မှု၊ သတ်ဖြတ်မှုအပေါင်းဖြင့် နာကျည်းဖွယ်ရာအဖြစ် ပြည့်နှက်လျှက်ရှိနေပြီး ယနေ့ထိတိုင် မိမိတို့၏ မွေးရာပါ အခွင့်အရေးများ ဆိတ်သုန်းလျှက်ရှိသည်။ ကရင်အမျိုးသားအရေးသည် နိုင်ငံရေးပြသနာဖြစ်သည်နှင့် အညီ ကရင်အမျိုးသားခေါင်းဆောင်များက နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းဖြင့် ကြိုးပမ်းဖြေရှင်းခဲ့သော်လည်း စစ်အာဏာရှင်အုပ်စုမှ လက်မခံသည့်အပြင် လက်နက်ဖြင့် ချေမှုန်းလာခဲ့သည့်အပေါ် ယနေ့ထက်တိုင် လက် နက်ကိုင်ခုခံတော်လှန်ရေးကို ကြံ့ကြံ့ခံ ဆင်နွဲနေရခြင်းဖြစ်သည်။ သို့ဖြစ်၍ ကရင်အမျိုးသားအရေး ကြိုးပမ်း ဆောင်ရွက်ရာမှာ ဖိနှိပ်ကျွန်ပြုမှုအပေါင်းမှ လွတ်မြောက်နိုင်ရန် နိုင်ငံရေးအရ နိုးကြားပြီး ဘာသာအယူဝါဒ မခွဲခြားဘဲ တစိတ်တ၀မ်းတည်း စည်းလုံးညီညွတ်ကြရန် အမျိုးသားရန်သူ မသမာသူများ၏ လိမ်လည်လှည့် စားမှုများကိုမခံကြရန် အထူးသတိရှိကြရန် လိုအပ်ပါသည်။
တတိယအနေနဲ့ အုပ်စိုးသူ စစ်အစိုးရတို့သည် ကရင်တမျိုးသားလုံးအပေါ် ဖိနှိပ်ကျွန်ပြုယုံမက ကရင်အမျိုးသား ထုအတွင်း အချင်းချင်းသတ်လျှိုဖြိုခွဲခြင်း၊ လူငယ်လူရွယ်များ စာရိတ္တပျက်ပြားအောင် မူးယစ်ဆေးဝါးများနှင့် မြူဆွယ်ဖျက်ဆီးခြင်း၊ ဘာသာရေးအရ ဖြိုခွဲခြင်းများကို စနစ်တကျလုပ်ဆောင်လျှက်ရှိသည်။ အုပ်စိုးသူစစ်အာ ဏာရှင်အဆက်ဆက်တို့၏ ဖိနှိပ်မှု၊ နှိပ်စက်ညှင်းပမ်းမှု၊ မတရားသတ်ဖြတ်မှုများကို ခံစားလာရသည်မှာ တနေ့ထက်တနေ့ပိုပြီး ပြင်းထန်လာသည်။ အုပ်စိုးသူအဆက်ဆက်တို့သည် ကရင်အမျိုးသားများအား နည်း ပရိယာယ်မျိုးစုံဖြင့် လူမျိုးတုံးသတ်ဖြတ်မှုမျိုးကို အစီအစဉ်ရှိရှိ စီမံချက်ဖြင့် ကျင့်သုံးလျှက်ရှိသည်။ တချိန်တည်း တွင် ကရင်အမျိုးသားနေထိုင်ရာ ဒေသအသီးသီးတွင် စစ်ရေးလှုပ်ရှားမှုအပြင်းအထန် ပြုလုပ်လျှက် လယ်ခင်း၊ ယာခင်းများ ပတ်လည်အနှံ့ မြေမြှုပ်မှိုင်း အများအပြားထောင်ခြင်း၊ မြန်မာပြည်အရှေ့ခြမ်းနေ ကရင်လူထုများထံ တိုက်ရိုက်ဦးတည်တိုက်ခိုက်ခြင်းသည် ကိုယ်ချင်းစာနာမှု ကင်းမဲ့သည့်လုပ်ရပ်ဖြစ်သည်။
နောက်ဆုံးအနေနဲ့ မှာကြားလိုတာကတော့ 2010 ခုနှစ်ဟာ ကရင်အမျိုးသားတွေအတွက် အလွန်တရာစိုးရိမ် ဖွယ်ကောင်းတဲ့ နှစ်တနှစ်ပါ။ ဘာကြောင့်လဲဆိုတော့ တိုင်းရင်းသားလူမျိုးတွေရဲ့ မွေးရာပါ ကိုယ်ပိုင်ပြဌါန်းခွင့် တွေကို အသိအမှတ်ပြုဘို့ လုံးဝဆန္ဒမရှိတဲ့ အာဏာရှင်အစိုးရဟာ သူတို့အတင်းအကြပ်ရေးဆွဲပြဌါန်းထားတဲ့ တိုင်းပြည်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုသုံးပြီး တိုင်းရင်းသားတွေကို ချေမှုန်းသုတ်သင်ဘို့ စီမံချက်တွေ ကို ချမှတ်အကောင်အထည်ဖေါ်နေတာကြောင့်ဖြစ်တယ်။ ကေအဲန်ယူ အမျိုးအသားအစည်းအရုံးဟာ တိုင်းရင်း သား လူမျိုးများအတွက် မည်သည့်အာမခံချက်အခွင့်အရေးမှ မပါဝင်တဲ့ဝင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ရွေး ကောက်ပွဲဆိုတာကို ဆန့်ကျင်နေတာဖြစ်တယ်။ ကေအဲန်ယူ အမျိုးသားအစည်းအရုံးရဲ့ လှုပ်ရှားတိုက်ပွဲဝင်မှုမှန်သမျှဟာ နိုင်ငံရေးအဓိပ္ပါယ်ဆောင်ပြီး မိမိလူမျိုးဖိနှိပ်မှုကလွတ်မြောက်ပြီး လူမျိုးတမျိုးအဖြစ် ဂုဏ်သိက္ခါရှိစွာနဲ့ အသက်ရှင်နေထိုင်ဘို့ လွတ်လပ်ဘို့ (၀ါ) ကရင့်ကံကြမ္မာကို ကရင်ဖန်တီးနိုင်ခွင့်ရှိရမယ်၊ ဒီမိုကရေစီပြည့်ဝတဲ့ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးဖြစ်တယ်။ ဒီလိုမျိုး နိုင်ငံရေးအရ ရုန်းကန်တိုက်ပွဲဝင်မှုဟာ ကရင် အမျိုးသားများရဲ့ ဘ၀ကံကြမ္မာနဲ့ တိုက်ရိုက်သက်ဆိုင်နေတာဖြစ်လို့ ကရင်အမျိုးသားတိုင်းက ထမ်းရွက်ရမဲ့ အမျိုးသားရေးတာဝန်ဖြစ်တယ်။ ဒါ့ကြောင့်နေရာဒေသအသီးသီးမှာ ရောက်ရှိနေထိုင်ကြတဲ့ ကရင်တွေက ကရင် အမျိုးသားဘ၀လွတ်မြောက်ရေးအတွက် ကျရာအခန်းကဏ္ဍကနေ ကိုယ်စီကိုယ်စီတာဝန်ယူပြီး တစိတ်တ၀မ်း တည်းညီညီညွတ်ညွတ်အောင်ပွဲရသည်အထိ ဆက်လက်တိုက်ပွဲဝင်ကြရန်နှင့် ဒီနေ့ထူးနေ့မြတ်အခါသမယမှာ ကရင်အမျိုးသားတရပ်လုံး KNU ဦးဆောင်မှုအောက်တွင် ညီညီညွတ်ညွတ်မားမားမတ်မတ် ရပ်ခံပြီး ဘ၀တူ တိုင်းရင်းသားအင်အားစုများ ဒီမိုကရေစီအင်အားစုများနှင့်အတူ လက်တွဲပြီး မိမိအောင်ပွဲပန်းတိုင်းအရောက် ခွန်အားသစ်ဖြင့် ဆက်လက်ဦးတည် တိုက်ပွဲဝင်ကြရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

No comments:
Post a Comment