Sunday, December 6, 2009

ရုရှားက မြန်မာကို လေယာဉ်ပေးမည်

Friday, 04 December 2009 18:21 ကိုထွေး

ခရီးသည်တင် လေယာဉ် ၂ စီး ကို မြန်မာပြည်သို့ မကြာမီ ပေးမည် ဖြစ်ကြောင်း ရုရှားနိုင်ငံ စစ်ဘက်၊ အရပ်ဘက် ပျံသန်းရေးယာဉ်များ တည်ဆောက်သည့် ကုမ္ပဏီတခုက ကြာသပတေးနေ့တွင် ပြောကြား လိုက်သည်။

United Aircraft Corporation ဟု အမည်ရသည့် ထိုကုမ္ပဏီ၏ ညွှန်ကြားရေးမှူး တဦး ဖြစ်သူ Gennady Prishchepaက မလေးရှားနိုင်ငံတွင် ကျင်းပနေသည့် လေယာဉ် နှင့် သင်္ဘော ပြပွဲတခုတွင် ရောက်ရှိနေခိုက် Interfax-AVN သတင်းဌာနသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

“An-148 လေယာဉ် ၂ စီးကို ပေးပို့ဖို့ အတွက် မြန်မာပြည်နဲ့ ကျနော်တို့ သဘောတူစာချုပ် လက်မှတ်ထိုး ပြီးပါပြီ၊ နောက်နှစ်ဦးပိုင်းမှာ စတင် ပေးပို့သွားမှာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

ထိုကုမ္ပဏီသည် ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှား သမ္မတ ဗလာဒီမာ ပူတင် ဖွဲ့စည်းခဲ့သော အစိုးရပိုင် ကုမ္ပဏီ ဖြစ်ပြီး မော်စကိုမြို့တွင် အခြေစိုက်သည်။

ထိုကုမ္ပဏီက မြန်မာနိုင်ငံသို့ ပေးမည်ဟုဆိုသော An-148 အမျိုးအစား လေယာဉ်သည် ခရီးသည် အနည်းဆုံး ၇၀ တင်ဆောင်နိုင်သည်။

မြန်မာနိုင်ငံတွင် အစိုးရပိုင် မြန်မာ့လေကြောင်း (Myanmar Airways) က လေယာဉ် ၁၃ စင်း ဖြင့် လည်ပတ်လျက်ရှိသည်ဟု သိရသည်။

ပုဂ္ဂလိက လေကြောင်းလိုင်းများဖြစ်သော အဲပုဂံ (Air Bagan)၊ အဲမန္တလေး(Air Mandalay)၊ ရန်ကုန်အဲဝေး (Yangon Airway)၊ အပြည်ပြည်ဆိုင်ရာ မြန်မာ့ လေကြောင်း (Myanmar Airways International)၊ စတားအဲလိုင်း(Star Airline) တို့ကလည်း ခရီးသည်တင် လေယာဉ်တချို့ဖြင့် ပြေးဆွဲလျက် ရှိကြသည်။

ရုရှနိုင်ငံသည် ယခင်ကလည်း မြန်မာနိုင်ငံအတွက် အကူအညီများ ပေးခဲ့ဖူးသည်။

ရန်ကုန်မြို့ရှိ စက်မှုတက္ကသိုလ်၊ အင်းယားလိတ် ဟိုတယ်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ စ၀်စံထွန်း ဆေးရုံတို့ကို ရုရှားက တည်ဆောက် ပေးခဲ့သည်ဟု သိရသည်။

ယခုအခါတွင်လည်း မြန်မာ့ နည်းပညာရှင် နှင့် စစ်တပ်မှ အရာရှိ ၅၀၀၀ ခန့် ရှရုားနိုင်ငံတွင် ပညာသင်ကြားနေသည်။

ရုရှား-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးသည် နှစ်ပေါင်း (၆၀) ရှိပြီ ဖြစ်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ၁ လ အကြာ တွင် ၂ နိုင်ငံ သံတမန် အဆက်အသွယ် အစပြုခဲ့သည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)