Friday, December 4, 2009

KPF ဥက္ကဌ စောသုမုဟဲ ကျန်းမာရေး အလွန်ဆိုးရွားနေ

ဒီဇင်ဘာလ ၃။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဟောင်သရောအထူးဒေသ ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ ကေပီအက်ဖ်တပ်ဖွဲ့၏ ဥက္ကဌဖြစ်သူ စောသုမုဟဲ သည် ကျန်းမာရေး ဆိုးရွားစွာ ခံစားနေရသည်ဟု ကေပီအက်ဖ်သတင်းများအရ သိရသည်။

လွန်ခဲ့သည့် နိုဝင်ဘာလ (၁၅)ရက်နေ့တွင် ကျန်းမာရေး အခြေအနေကြောင့် ရန်ကုန် မင်္ဂလာဒုံ စစ်ဆေးရုံ၌ ဆေးကု သမှု ခံယူခဲ့ရာ တလနီးပါးကြာပြီဖြစ်သော်လည်း ယခုအချိန်ထိ သက်သာလာခြင်းမရှိသေးကြောင်း အမည်မဖော်လို သည့် ကေပီအက်ဖ်တပ်ဖွဲ့နှင့် အလွန်နီးစပ်သူတဦးက ပြောသည်။

သူက “သူ့လူတွေပြောပြချက်အရဆိုရင် ဆေးရုံတက်တာ ၁လနီးပါးတောင်ရှိနေပြီ။ ဘာဖြစ်လို့လဲဆိုရင် ပြီးခဲ့တဲ့ နိုဝင် ဘာလဆန်းပိုင်းက ကေပီအက်ဖ် တပ်ရင်း(၃)မှူး စောလေးဝါး(ဟောင်း)နဲ့ စောဝါးချယ်တို့ကြားမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ တုန်းကလည်း စကားတောင်မပြောနိုင်တော့ဘူး။ ဗိုလ်မှူးလေးဝါးကို အနားပေးဖို့ တာဝန်လွှဲပြောင်းစာထဲမှာလည်း နံမည် ဆိုင်းထိုးဖို့တောင် အနိုင်နိုင်ပဲလေ။ ကြားသိရသလောက်ဆိုရင် အခုချိန်ဆို သူ(သုမုဟဲ )ရန်ကုန် မင်္ဂလာဒုံ စစ်ဆေးရုံမှာပဲ ရှိနေသေးတယ်”ဟု ပြောသည်။

လက်ရှိအချိန်တွင် ဥက္ကဌဖြစ်သူ စောသုမုဟဲ ကျန်းမာရေး အလွန်ဆိုးရွားနေသောကြောင့် ကေပီအက်ဖ်တပ်ဖွဲ့၏ ဥက္ကဌ နေရာကို ဒုဥက္ကဌဖြစ်သူ စောဒေါဒေါက ယာယီတာဝန်ယူထားသည်ဟု အတည်မပြုနိုင်သည့် ကေပီအက်ဖ် သတင်းရပ် ကွက်က ဆိုသည်။

စောသုမုဟဲသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ) တပ်ရင်း(၁၆) တပ်ရင်းမှူး ဟောင်းဖြစ်ပြီး ၁၉၉၇ခုနှစ်တွင် စစ်သည်အင်အား (၅၀)ကျော်နှင့်အတူ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိတ် ကျေးရွာ၌ နအဖစစ်အစိုးရထံတွင် လက်နက်ချငြိမ်းချမ်းရေးယူခဲ့သည်။

စောသုမုဟဲ ဦးဆောင်သည့် ကေပီအက်ဖ်တပ်ဖွဲ့သည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် အခြေချခဲ့ရာ တပ်ရင်း (၃)ရင်း၊ လူအင်အား(၃၅၀)ကျော်ဖြင့် ဖွဲ့စည်းထားပြီး နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရန်အတွက် နှုတ်ကတိအားဖြင့် သဘောတူထားသော ကရင်ငြိမ်းချမ်းရေးအဖွဲ့တဖွဲ့ ဖြစ်သည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)