(အမိကရင်ပြည် blog အတွက်)--ဟူ၍ ရေးသားပေးပို့သူအား အထူးကျေးဇူးတင်ရှိပါသည်။
လူသားခြင်းစာနာရေး လူ့အခွင့်အရေး အထောက်အပံ့တွေကြောင့် အဆင့်မြင့်ပညာတတ်မြောက်လာသူတွေ မမေ့အပ်တဲ့ အချက်တချို့ ကို စကားလက်ဆောင်ပါးလိုက်ပါတယ်။
။သူငယ်ချင်းတွေကိုလဲဆက်ဆက်ဝေမျှပေးပါ။
-ဒီလိုနည်းနဲ့ ရလာတဲ့အတတ်ပညာတွေနဲ့  ပြည်သူလူထုတွေကို ကျွန်ပြုအနိုင်ကျင့် ဖိနှိပ်အုပ်ချုပ်နေတဲ့ အာဏာရှင်အစိုးရရဲ့ထောက်တိုင်အဖြစ်အသုံးတော်မခံမိဖို့ သတိပြုပါ။
-မိမိရဲ့ ထင်မြင်ယူဆချက်ကို ငြိမ်းချမ်းစွာလမ်းလျှောက်ဖေါ်ထုတ်ပြသသူတွေကို ထောင်အနှစ် ၆၀ကျော်ချပစ်ရက်တဲ့အစိုးရလောက် လူမဆန်တဲ့အစိုးရ ကမ္ဘာမှာ သိပ်မရှိတော့ဘူးဆိုတာကို နားလည်ပါ။ ဒါတွေဟာ စစ်အစိုးရ မီဒီယာတွေကနေ မှိုင်းတိုက် ၀ါဒဖြန့့် ချီနေတဲ့ သတင်းလိမ်တွေမဟုတ်ဘူး။ ဦးဆီမှာ သက်သေ ဗွီဒီယိုခွေတွေ ထောင်ပေါင်းများစွာရှိနေတယ်။ ဒါတွေကိုနေ့တိုင်းတွေ့ နေရလို့  စစ်အစိုးရကို ရော သူ့ ကို အလုပ်အကျွေးပြုနေသူမှန်သမျှကိုရော စက်ဆုတ်ရွံရှာမှုဟာ နေ့စဉ်ဖြစ်ပေါ်နေပါတယ်။ သူတို့ လိုလုပ်တာကို ဆန့်ကျင်ရွံရှာပေမဲ့ လူသားချင်းစာနာမှုတရားလက်စွဲပြီးတော့ဘဲသူတို့ ကို ပဲ့ပြင်လိုပါတယ်။
-တူတူမလေးတွေ မိမိရလာတဲ့အတတ်ပညာနဲ့  ပြည်သူကိုတိုက်ရိုက်အလုပ်အကျွေးပြုဖို့ ကြိုးစားပါ။
-လူထုကို မတရားဖမ်းဆီးနှိပ်စက်နေတာ၊ နယ်စပ်က တိုင်းရင်းလူထုကို နေ့စဉ် နှိမ်နင်းသတ်ဖြတ်နေတာတွေကို မသိမမြင်ဟန်ဆောင်ပြီး ဘယ်သူသေသေ ငါမသေပြီးရောဆိုတဲ့ တဆွေတမျိုးကောင်းဝါဒတွေကို ဆန့်ကျင်ပါ။
-အဖိနှိပ်ခံတွေဘက်ကသာ တတ်နိုင်တဲ့နည်းနဲ့ နားလည်ရပ်တည်ပေးပါ။
-လူသားခြင်းစာနာမှုရှိသူတွေရဲ့ အထောက်အကူ ယူပြီးမှ အောင်မြင်မှုတွေရလာတဲ့အခါ လူသားချင်းစာနာတရားကို ဆန့်ကျင်တဲ့ စစ်အာဏာရှင်တွေကို အသုံးတော်ပြန်ခံခြင်းဟာ ခေါ်ရပ်ရှင်းအမျိုးမျိုးထဲက အဆိုးဝါးဆုံး ခေါ်ရပ်ရှင်း၊ တကိုယ်ကောင်းဆန်မှုတွေထဲက အဆိုးဝါးဆုံးသော တကိုယ်ကောင်းမှု ဖြစ်တယ်ဆိုတာကို သတိမူပါ။
-မိမိပိုင်တဲ့မြေပေါ်မှာ မိမိလူမျိုးမိမိစာပေကို တရားဝင် ရုံးသုံးကျောင်းသုံးခွင့်မရအောင် ဖိနှိပ်ထားခြင်းခံရတဲ့ လူမျိုးစုတွေကို နားလည်ပေးပါ။ မျိုးချစ်စိတ်ပြင်းထန်မှုရော ပဒေသရာစိတ်ဓါတ်ပါ မကုန်ခမ်းသေးတဲ့ ဗမာတွေသာဒီလိုအလုပ်ခံရရင် ဒါထက်မက အများကြီးပိုဆိုးမယ်ဆိုတာတွက်ပြီး စာနာတတ်ပါ။
-မိမိဝန်းကျင်က လူမျိုးစုဘာသာစကားတွေကို လေးစားမှုပြတတ်ပါ။ တလုံးစနှစ်လုံးစ လေးလေးစားစားသင်ယူခြင်းဖြင့်သာ အပြန်အလှန်လေးစားမှုကိုပြနိုင်မှာဖြစ်ပါတယ်။ လုံးဝသောက်ဂရုမစိုက်ဘူးဆိုတဲ့အချိုးမျိုးကို ဘယ်သူ့အားကိုးနဲ့မှ မပြုမိစေနဲ့။ ကရင်တွေနဲ့နေရင် ကရင်စကားကိုလေးစားကြောင်း၊ ထိုင်းတွေနဲ့နေရင်လဲ ထိုင်းစကားကိုလေးစားကြောင်း၊ မွန်တွေ ရှမ်းတွေကိုဆိုလဲ ဒီလိုဘဲ ပြသတတ်တဲ့ ယဉ်ကျေးမှုအဆင့်အတန်းကို ခံယူပါ။ မိမိကိုယ်ပိုင်ဘာသာစကားကိုလဲလေးစားကြောင်းပြပါ။--
-တပါးသူကိုကူညီရာမှာ ကျောသားရင်သား ခွဲခြားခြင်းမရှိစေဘဲ သတ်မှတ်ထားတဲ့ မူအတိုင်းကူပါ။ ဆွေးမျိုးဖြစ်လို့ သူငယ်ချင်းဖြစ်လို့ဆိုတဲ့ ခေါ်ရပ်ရှင်းအတွေးအခေါ်တွေကို မကျင့်သုံးမိပါစေနဲ့ ။
-နှစ်ရှည်လများ ရက်ရက်စက်စက် အနှိပ်ကွပ်ခံရတဲ့ အင်အားနည်းသူတွေမှာ ရှိတတ်တဲ့ ပျော့ကွက်တွေကို နားလည်သဘောပေါက်ပါ။ ဒီလိုဖြစ်နေအောင် အင်အားကြီးသူတွေက နည်းအမျိုးမျိုးနဲ့ လုပ်ထားတယ်ဆိုတာကိုမြင်တတ်ပါ။ ငယ်ရွယ်စဉ်က နီဂရိုးလူဆိုးတွေဝိုင်း ရိုက်တာကို ခံခဲ့ရတဲ့ အီဘရာဟန်လင်ကွန်းဟာ နီဂရိုးတွေကို မုန်းတီးရမဲ့အစား ကျွန်ဘ၀ကလွတ်မြောက်အောင် လူဖြူခြင်း စစ်ခင်းတိုက်ခိုက်ခဲ့တာ ဘာကြောင့်လဲဆိုတာကို စံနမူနာယူပါ။
-Avator ရုပ်ရှင်ထဲကလိုဘဲ ဗမာတွေပိုင်တဲ့ပြည်ကို ပိုင်ဆိုင်ချင်တဲ့လောဘနဲ့ တချိန်က အင်္ဂလိပ်တွေ အနိုင်ကျင့်သိမ်းပိုက်ခဲ့တယ်။ ဒါကို အင်္ဂလိပ်တချို့ရဲ့ကောင်းမှုနဲ့ ပြန်လည်ရယူနိုင်ခဲ့တယ်။ ခုခေတ်မှာတော့ ဗမာတွေက အင်္ဂလိပ်နေရာကိုရောက်နေပြီး တိုင်းရင်းသားတွေက ဗမာနေရာကိုရောက်နေတာဖြစ်တယ်။ ဒါကို နိုင်ငံရေးပညာ လူ့အခွင့်အရေးအခြေခံမူအရ ကြည့်ရင် မဟုတ်ဘူးလို့ ဘယ်လိုမှပြောလို့ မရပါဘူး။ ဒါပေမဲ့ အဲဒီတုန်းကမတရားတာကို မလိုလားတဲ့အင်္ဂလိပ်တွေလိုဘဲ ဗမာတချို့က တိုင်းရင်းသားအရေးကို သူတို့နည်းနဲ့ သူတို့ဝိုင်းရံကူညီပေးနေကြတာလဲရှိနေပါတယ်။ အင်္ဂလိပ်ခေတ်က ဗမာတွေခံရသလိုဘဲ တိုင်းရင်းသားတွေနိုင်ငံရေးအရ ကျွန်ပြုခံနေရတယ်ဆိုတာ သူတို့နှိုင်းယှဉ်နားလည်ကြပါတယ်။
-တိုင်းရင်းသားလူထုတွေက မိမိဆိုင်ရာအခွင့်အရေးကို တောင်းတာကို အစိုးရက အန္တရာယ်ပေးခွင့်မရှိတဲ့ ဒီမိုကရေစီကို လက်ရှိအစိုးရကမပေးချင်ဘူး။ ဒီမိုကရေစီခေတ်ရောက်ရင် ဦးအခုပြောနေတာတွေကို လုပ်မဲ့ ခေါင်းငုံ့မခံတော့တဲ့ တိုင်းရင်းသား လူထုတွေကို တနိုင်လုံး နေရာတိုင်းမှာတွေ့ရမယ်။ ဆက်ပြီးဖိနှိပ်ထားချင်လို့ ဒီမိုကရေစီစစ်စစ်ကို မပေးချင်ဘူး။ နွားကွဲကြားကိုက်ဆိုတာနဲ့ ခြိမ်းခြောက်တယ်။ သူတို့ ကကျား တိုင်းရင်းသားတွေကနွား ဖြစ်နေတယ်ဆိုတာကိုတော့ မရှင်းပြဘူး။ မကွဲစေချင်ရင် ကျားလိုမလုပ်ဖို့က အဓိကလိုအပ်ချက်ဘဲ။
-တိုင်းရင်းသားတွေဟာ မိမိသဘောမတူဘဲ မျိုးပြုတ်မှာကြောက်လို့ ဝေးဝေးရှောင်ဖို့ ကြိုးစားနေကြတယ်။ ဒီတော့ မိမိတို့ လုံလုံခြုံခြုံနေနိုင်ဖို့ နေရာဆိုတာကလဲ မရှိမဖြစ်လိုအပ်တယ်။ လုံခြုံမှုရှိတဲ့နေရာတောင်းတာကို ပြည်ပက မြောက်ပေးလို့ ခွဲထွက်ရေးစကားပြောတာလို့ အစိုးရက ကိုယ်ချင်းစာတရားနည်ပါးစွာ မတရားသမုတ်တယ်။ သူတို့ကိုယ်တိုင်အပါအ၀င် လူတိုင်းဟာ မိမိအမျိုးပြုတ်မှာကိုကြောက်ကြတာဘဲဖြစ်လို့ ဘယ်သူကမြောက်ပေးလို့ ဆိုပြီးစွတ်စွဲတာဟာ အင်မတန်အောက်တန်း ကျတဲ့ ယုတ်ပတ်မှုဖြစ်တယ်။ မုဒိန်းကျင့်ခံနေရတဲ့ အမျိုးသမီးတဦးဟာ မိမိရဲ့  လွတ်မြောက်လုံခြုံရေးအတွက် ယောင်္ကျားတွေနဲ့  တခန်းထဲမအိပ်ချင်တာကို ခွဲခြားခွဲခြားလုပ်တယ်။ ခွဲထွက်ရေးစကားပြောတယ်လို့ သမုတ်တဲ့ ယောင်္ကျားဟာ အမျိုးကောင်းသား ဟုတ်နိုင်မလား။
ဒီလောက်တော်ပါပြီ၊ ရင်ထဲခံစားချက်တွေကိုပြောရရင် သမာကျမ်းစာတအုပ်တောင် ကုန်မှာမဟုတ်သေးဘူး။။
သမီးတို့ကို ကူတဲ့အဖွဲ့အစည်းတွေဟာ မျောက်ပြဆန်တောင်းတွေမဟုတ်ရင် မြန်မာပြည်မှာ လူသားချင်းစာနာတတ်တဲ့ အစိုးရတွေပေါ်ပေါက်လာရေးမှာ တနည်းတဖုံ အထောက်အကူဖြစ်စေဖို့ သမီးတို့ကို အမြင်ကျယ်ခွင့်ရလာအောင် ကူလိုက်တာဖြစ်တယ်ဆိုတာ နားလည်ပါ။ ပညာဗဟုသုတ မြင့်မားလာတာနဲ့ အညီ လူဆန်မှုနဲ့ လူမဆန်မှုတွေရဲ့ အရင်းအမြစ်ပြသနာတွေကို နားလည်နိုင်ပြီး လူမဆန်တဲ့ အစိုးရကို ကျားကန်ပေးနေသူမဖြစ်ရအောင် ရှောင်ရှားနိုင်ပါစေ။
တူ၊ တူမများရဲ့ ညီးငွေ့ စရာကောင်းတဲ့ ဦးဦး ဂွန်
(ကျောင်းအောင်ဘက်များထံ ဆက်ဆက်ပို့ ပေးခြင်းနဲ့ ကောင်းမှုပြုပါ။ တိတ်ဆိတ်သိမ်းဆည်း ကွယ်ဝှက်ထားခြင်းဖြင့် ဆိုးမှုမပြုမိစေနဲ့ )
------------------------------------------------------------------------------------------------------
မှတ်ချက်- စစ်အစိုးရဟာ ဦးရဲ့ စာကိုတွေ့ရင် ထုံးစံအတိုင်း နယ်ချဲ့အားကိုးနဲ့ ရေးတာလို့ ပုံစံခွက် သုံးသပ်နည်းနဲ့ သုံးသပ်လိ့မယ်။ တကယ်တော့ ဦးဟာ ဘယ်နိုင်ရေးအဖွဲ့ အစည်းမှာမှမပါဘူး။ ဦးဟာ လူသားချင်း ရက်စက်ယုတ်မာတဲ့ အစိုးရကြောင့် အသက်ဘေးကျရောက်ခဲ့ပြီး လူသားချင်းစာနာသူတွေကြောင့် ဒီနေ့အထိ ဘ၀ရပ်တည်နေနိုင်သူဖြစ်တယ်။ အကြောင်းအမျိုးမျိုးပြပြီး လူသားချင်း နှိပ်စက်နေတဲ့မူဝါဒကို တရားဝင်တိုင်တွယ်ကျင့်သုံးနေတဲ့ စစ်အစိုးရကို အလုပ်အကျွေးပြုမဲ့အစား သေသွားတာ၊ ထောင်သွင်းအကျဉ်းချခံရတာက ပိုမြတ်တယ် လို့ ပြတ်ပြတ်သားသား ခံယူတယ်။ ဘယ်လူပုဂ္ဂိုလ်။ ဘယ်အဖွဲ့အစည်းအတွက်မှမဟုတ်ဘူး။ တလောလုံးဆိုင်ရာအမှန်တရားအတွက်ဘဲ။
No comments:
Post a Comment