Friday, January 8, 2010

ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော်အတွင်း ကေအိုင်အိုအား ယူနီဖောင်း ဝတ်ခွင့်မပြု

NEJ / ၈ ဇန်န၀ါရီ ၂၀၁၀

ယခုလ (၅) ရက်မှ (၁၁) ရက်အထိ မြစ်ကြီးနားမြို့တွင် ကျင်းပနေသည့် (၆၂) နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ပွဲတော်အတွင်း ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) အား ၎င်းတို့၏စစ်ယူနီဖောင်းဝတ်ခွင့် နအဖဘက်က တားမြစ်ပိတ်ပင်ထားသည်။

ယမန်နှစ်က ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်၊ မနောပွဲများတွင် စစ်ယူနီဖောင်းဝတ်ဆင်ထားသည့် ကေအိုင်အိုတပ်ဖွဲ့ဝင် (၁,ဝဝဝ) ကျော် ပါဝင်ဆင်နွှဲနိုင်ခဲ့သော်လည်း ၂၀၁၀ ခုနှစ်တွင် ယခုကဲ့သို့ပိတ်ပင်ထားသဖြင့် လူအင်အား (၁ဝဝ) ခန့်သာ တက်ရောက်မည်ဟု ကေအိုင်အိုအဖွဲ့နှင့် နီးစပ်သူ မြစ်ကြီးနားဒေသခံတဦးက ပြောသည်။

၎င်းက “မနှစ်ကကော၊ ပြီးခဲ့တဲ့နှစ်တွေကကော ယူနီဖောင်းနဲ့ ဒီကို လာလို့ရတယ်။ သူတို့ရဲ့ ရာထူးအဆင့်အတန်း တပ်လာလို့ ရတယ်။ လက်နက်တွေနဲ့လာပြီး ပွဲခင်းမှာ ကိုယ်တိုင် လုံခြုံရေးယူတယ်။ အခုက အဲဒါတွေကို ပိတ်လိုက်တယ်။ ဆခုံတိန့်ယိန်းတို့ရဲ့ နယ်ခြားစောင့်တပ်တွေကျတော့ ယူနီဖောင်းနဲ့ လာလို့ရတယ်၊ လက်နက်ကိုင်လို့ ရတယ်ဆိုတော့ ခွဲခြားတာပေါ့။ နယ်ခြားစောင့် လက်မခံတဲ့ ကေအိုင်အိုကို တမင်ချိုးနှိမ်တဲ့ သဘောမျိုးဖြစ်နေတာ” ဟု ပြောသည်။

ကေအိုင်အိုတပ်ဖွဲ့အနေဖြင့် ဖေဖော်ဝါရီ (၅) ရက်တွင် ကျရောက်မည့် ၎င်းတို့၏ တော်လှန်ရေးနေ့ အခမ်းအနားအတွက် ပြင်ဆင်စရာများရှိနေ၍ ယခုကဲ့သို့ လူအင်အား အနည်းငယ်သာ စေလွှတ်ရခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် ကေအိုင်အို အရာရှိတဦးက ပြောသည်။

ယနေ့ကျင်းပသည့် မနောပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဒု-တိုင်းမှူး ဗိုလ်မှူးချုပ် စံထွန်း တက်ရောက်ကြောင်း ကိုယ်စားလှယ်များ ထံမှ သိရသည်။

ဖွင့်ပွဲတက်ရောက်ခဲ့သည့် ငြိမ်းချမ်းရေးအဖွဲ့တခုမှ ကိုယ်စားလှယ်တဦးက “ကေအိုင်အို ဘက်ကဆိုရင် ခါတိုင်းနှစ်လိုပဲ ဥက္ကဋ္ဌ ဇောင်းဟာရား၊ ဒု-ဥက္ကဋ္ဌ ဦးအင်ဘန်လ၊ အတွင်းရေးမှူး ဒေါက်တာ လဂျာနဲ့ ခေါင်းဆောင်တွေ စုံစုံညီညီတက်တယ်။ အခြား ဘာသာရေးဆရာတွေ၊ သူဌေးကြီးတွေ၊ ရပ်မိရပ်ဖတွေ စုံစုံလင်လင် တက်တယ်။ ဒါပေမယ့် မြောက်ပိုင်းတိုင်း တိုင်းမှူးတော့ ကချင်ပြည်နယ်နေ့ပွဲ ကျင်းပတဲ့ ဇန်နဝါရီလ (၁ဝ) ရက်နေ့မှသာ တက်ပြီး မိန့်ခွန်းပြောမယ့် သဘောရှိတယ်” ဟု ပြောသည်။

ယနေ့ကျင်းပသည့် မနောပွဲဖွင့်ပွဲတွင် ဒု-တိုင်းမှူး၊ ကေအိုင်အေ ခေါင်းဆောင်များနှင့် ရပ်မိရပ်ဖများက မနောကွင်းကို ဖွင့်ပေးခဲ့ပြီး မနောအကများဖြင့် ဖျော်ဖြေခဲ့ကြကာ ညပိုင်းတွင် မနောပွဲညစာစားပွဲ ကျင်းပပြုလုပ်မည်ဟု ကြေညာထားသည်။

ကချင်ပြည်နယ်နေ့သည် ဇန်နဝါရီ (၁ဝ) ရက်နေ့တွင် ကျရောက်ပြီး ထိုနေ့တွင် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ မနောကွင်းကြီးတွင် အခမ်းအနား ကျင်းပရန်ရှိသည်။ အဆိုပါ အခမ်းအနားသို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်း၊ ကြံ့ခိုင်ရေးအသင်း (ကချင်ပြည်နယ်) တာဝန်ခံ ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီး ဗိုလ်မှူးချုပ် သိန်းဇော်တို့လည်း တက်ရောက်ရန်ရှိသည်ဟု သိရသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)