Monday, June 14, 2010

ဒုက္ခသည်များဆိုင်ရာ အမေရိကန်ထိပ်တန်းအရာရှိ မြန်မာအဖွဲ့အစည်းများနှင့် ဆွေးနွေးမည်

ရဲရင့် / ၁၁ ဇွန် ၂၀၁၀


အမေရိကန် လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးနှင့် ဒုက္ခသည်များဆိုင်ရာ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီးလည်းဖြစ်သူ မစ္စတာအဲရစ်ရှဝပ်သည် မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်နေကြသည့် အဖွဲ့အစည်း (၁၅) ဖွဲ့နှင့် မနက်ဖြန်တွင် မဲဆောက်မြို့၌ တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

ယင်းသို့တွေ့ဆုံဆွေးနွေးရာတွင် လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေများအပြင် အမေရိကန်သို့ ခိုလှုံခွင့်မရဘဲ ဒုက္ခသည်စခန်းတွင် နှစ်ရှည်ဆိုင်းငံ့ခြင်းခံနေရသည့်.... နိုင်ငံရေးဒုက္ခသည်များ ကိစ္စတို့ကို တင်ပြသွားမည်ဟု ဆွေးနွေးပွဲ တက်ရောက်မည့် မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု (FDB) ၏ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်က ခေတ်ပြိုင်သို့ ပြောသည်။

၎င်းက “၀န်ကြီးက ဒုက္ခသည်ရေးရာအပြင် ရွှေ့ပြောင်းနေထိုင်မှုနဲ့ပတ်သက်တဲ့ တာဝန်ရှိသူဖြစ်ပေမယ့် အဲဒီကိစ္စအပြင် မြန်မာပြည်ရဲ့ နိုင်ငံရေး အကြောင်းအရာတွေကိုလည်း သိချင်တယ်လို့ပြောပါတယ်။ မြန်မာပြည်မှာဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စီးပွားရေး နိုင်ငံရေး လူမှုရေး ပြဿနာတွေဟာ ၂၀၁၀ ရွေးကောက်ပွဲကြောင့် ပျောက်ပျက်သွားမှာ မဟုတ်ဘူး၊ ပိုးဆိုးလာဖို့ပဲ ရှိတယ်ဆိုတာကို သေချာအောင် ထပ်ပြောမှာပါ” ဟု ဆိုသည်။

ထိုင်းဘက်ခြမ်းတွင်ရှိသည့် ဒုက္ခသည်များအနေဖြင့် ရွေးကောက်ပွဲပြီး၍ တိုင်းပြည်အေးချမ်းသွားပြီဟု မဆုံးဖြတ်သင့်ကြောင်း ဒေါက်တာနိုင်အောင်က ပြောသည်။

“၂၀၁၀ နောက်ပိုင်းမှာ ပိုပြီးတော့ဆိုးဝါးတဲ့ နိုင်ငံရေးပြဿနာတွေ ဆက်ရှိလာမှာဖြစ်တဲ့အတွက် ဒုက္ခသည်တွေ ပိုပြီး များလာနိုင်တယ်။ ရွှေ့ပြောင်းအလုပ်သမားတွေလည်း ပိုပြီး များလာနိုင်တယ်။ ဒေသတွင်းမှာ မြန်မာပြည်က ဖြစ်ပျက်လာမယ့် ပြဿနာတွေက များပြားလာမယ်။ အဲဒီကိစ္စတွေကို အမေရိကန်အစိုးရအနေနဲ့ မျက်ခြည်မပြတ်ဘဲနဲ့ အချိန်မီ အလျင်အမြန် ကူညီပေးနိုင်ဖို့၊ အဲဒါတွေကို တင်ပြဖို့ ရှိပါတယ်” ဟုလည်း ၎င်းက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ နို့ဖိုးဒုက္ခသည်စခန်းတွင် အမေရိကန်နိုင်ငံသို့ ထွက်ခွာခွင့်မပြုဘဲ (၅) နှစ်ကျော် ဆိုင်းငံ့ခြင်းခံနေရသည့် မြန်မာ့နိုင်ငံရေး ဒုက္ခသည် (၄၀၀) ကျော် ကိစ္စနှင့်ပတ်သက်၍လည်း အခြေအနေအမှန်ကို သိရှိရန် ဆွေးနွေးမည်ဟုလည်း သိရသည်။

ဒေါက်တာနိုင်အောင်က “နောက်တခုက တတိယနိုင်ငံကိုထွက်ဖို့ နှစ်ရှည် ဆိုင်းငံ့ခြင်းခံနေရတဲ့ ဒုက္ခသည်တွေရဲ့ ကိစ္စအပေါ်မှာ သူတို့ရဲ့ဆောင်ရွက်တိုးတက်မှု ဘယ်လိုရှိသလဲ ဆိုတာကိုလည်း တင်ပြမှာဖြစ်တယ်” ဟု ပြောသည်။

ဝန်ကြီး အဲရစ်ရှဝပ်နှင့် အဖွဲ့သည် ယနေ့မွန်းလွဲ (၁) နာရီတွင် မဲဆောက်မြို့မှ (၆၅) ကီလိုမီတာအကွာရှိ ဒုက္ခသည်(၅) သောင်းခန့်နေထိုင်သည့် မယ်လဒုက္ခသည်စခန်းသို့ သွားရောက်ကာ စခန်းအခြေအနေများကို လေ့လာသွားသည်ဟု စခန်း ဥက္ကဋ္ဌ မန်းထွန်းထွန်းက ပြောသည်။

၎င်းက “အမေရိကန်ဝန်ကြီး အဖွဲ့လာပြီး ဒုက္ခသည်တွေကိုပေးတဲ့ အကူအညီတွေကို အမေရိကန်က ပိုမိုကူညီနိုင်ဖို့ အစီအစဉ်တွေ လုပ်ဆောင်သွားမယ်လို့ ပြောသွားတယ်” ဟု ဆိုသည်။

ဝန်ကြီး အဲရစ်ရှဝပ်သည် နယ်စပ်ဒုက္ခသည်စခန်းသို့ မသွားခင် ယမန်နေ့၌ ဘန်ကောက်တွင် ထိုင်းအာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ဒုက္ခသည်များအတွက် အထူးစိုးရိမ်ပူပန်မိကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ဖိနှိပ်ချုပ်ချယ် ကန့်သတ်မှုများ ဆက်လက်ရှိနေဆဲ ဖြစ်သောကြောင့် ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲအရ ပြည်တွင်းမှာ အပြောင်းအလဲ အနည်းငယ်သာ ဖြစ်ပေါ်နိုင်သည်ဟုလည်း ၎င်းက ထိုင်းအရာရှိများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ကြောင်း သိရသည်။

ထိုင်း-မြန်မာနယ်စပ်တွင် မြန်မာဒုက္ခသည်စခန်း (၉) ခုရှိပြီး ဒုက္ခသည် (၁) သိန်း (၄) သောင်း ခန့် နေထိုင်လျက်ရှိကာ ၂၀၀၆ ခုနှစ်မှ စတင်၍ မယ်လစခန်းမှ အမေရိကန်သို့ သွားရောက် အခြေချသူပေါင်း (၂) သောင်းခန့် ရှိပြီဖြစ်ကြောင်း စခန်းဥက္ကဋ္ဌက ပြောသည်။


No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)