Saturday, June 19, 2010

ကမ္ဘာ့ဖလားပွဲ အတွင်း ရွှေလီရေအားလျှပ်စစ်မီး မပျက်

Friday, 18 June 2010 22:38
သျှမ်းသံတော်ဆင့်


သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့ မန်တပ်ရွာ အနီးရှိ ရွှေလီရေအားလျှပ်စစ်မီး ဒေသတွင်း ဖြန့်ဖြူးချိန်မှစ၍ မကြာခဏ မီးပျက်နေသော မူဆယ်မြို့တွင် ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း လျှပ်စစ်မီးပုံမှန်ရရှိကြောင်း ဒေသခံများ အဆိုအရ သိရသည်။
တရုတ်နိုင်ငံမှ ၀ယ်ယူဖြန့်ဖြူးသည့် လျှပ်စစ်မီးအစား ဧပြီလဆန်းမှ စ၍ ရွှေလီရေအားလျှပ်စစ်မှ အစားထိုးဖြန့်ဖြူးရာ ကမ္ဘာ့ ဖလားပွဲ မစတင်မီ ရက်ပိုင်းအလိုအထိ အနည်းဆုံး တစ်ရက်မီး ၃ ကြိမ်ခန့် ပျက်လေ့ရှိသည်ဟု ဒေသခံတစ်ဦးက သျှမ်းသံ တော်ဆင့်သို့ ပြောသည်။

“ဘောလုံးပွဲ မစခင် အထိမီးက ကြာတော့မကြာဘူးပေါ့ ဒါပေမဲ့ တစ်ရက်ကို ၃ ကြိမ်လောက်ပျက်တယ် နွေပိုင်းတုန်းက ပိုဆိုးတယ် အခုပုံမှန်ရနေပြီ ဘောလုံးပွဲ ကာလမို့ မီးမှန်နေတာလို့ ထင်တာပဲ ” လို့ သူက ဆိုသည်။

မူဆယ်မြို့တွင် မီးမကြာခဏ ပျက်သဖြင့် နှစ် ၂၀ ကျော်ခန့် ၂၄ နာရီ ပတ်လုံး တရုတ်လျှပ်စစ်မီး မပြတ်ခဲ့သည့် မူဆယ် ဒေသခံများ မီးပျက်သည့် ဒဏ်ကိုခံနိုင်ရည် မရှိတော့ကြောင်း ဧပြီလပိုင်းက မူဆယ်ဒေသခံတစ်ဦးက ပြောသည်။

“နှစ် ၂၀ ကျော်ဗျာ လျှပ်စစ်မီးမပြတ်ရခဲ့တာ အခုရွှေလီရေအားလျှပ်စစ်မီးကျမှ တစ်မြို့လုံး မှောင်မဲနေတာပဲ ဖရောင်းတိုင်နဲ့ ဆိုတော့ မနေတတ်တော့ဘူး ” လို့ သူက ဆိုသည်။

ယခုအခါ ရန်ကုန်အပါအ၀င် အထက်မြန်မာပြည် မြို့တိုင်းလိုလိုတွင် လျှပ်စစ်မီးပုံမှန်ရရှိနေကြောင်း သျှမ်းသံတော်ဆင့်က စုံစမ်းသိရသည်။

ရန်ကုန်သို့ သဘာဝကမ်းလွန်ဓါတ်ငွေပိုက်လှိုင်းသွယ်တန်း၍ မီးဖြန့်ဖြူးနေသောကြောင့် မြို့နယ်တိုင်းလိုလိုတွင် လျှပ်စစ်မီး ယခင်ထက် ပုံမှန်ရရှိနေကြောင်း သိရသည်။

ကချင်ပြည်နယ် ဗန်းမော်ဒေသခံတစ်ဦးက “ ဗန်းမော်မှာ အရင်က ရက်ခြားမီးလာတယ် ဒီနွေကာလမှာ လုံးဝနီးပါး ပျက် သွားတယ် အခုကမ္ဘာ့ဖလားပွဲစတော့ ပုံမှန်ပြန်ရနေပြီ ” လို့ ဆိုသည်။

ဘောလုံးပွဲ အသဲစွဲသည့် မြန်မာပြည်သူများအဖို့ ကမ္ဘာ့ဖလားပြိုင်ပွဲ ကြည့်ရန်အတွက် လျှပ်စစ်မီးပုံမှန်ရရေးသည် မရှိမဖြစ် လိုအပ်ပြီး ဘောလုံးပွဲမကြည့်ရပါက မြိုသိပ်ထားသော အထွေထွေမကျေနပ်မှုများ ပေါက်ကွဲလာ ဖွယ်ရှိသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြီးခဲ့သည့်အပတ်က လျှပ်စစ်မီးပျက်မှုကြောင့် ကမ္ဘာ့ဖလားပွဲ မကြည့်ရသည့် ပြည်သူများ ဆူပူအုံကြွ ခဲ့ကြသည်။

အဖိုးတန်သယံဇာတ မြောက်များစွာထွက်ရှိသည့် မြန်မာနိုင်ငံတွင် ပြည်သူများသည် လျှပ်စစ်မီးပုံမှန်မရသည့် အပြင် ရေ ပေးဝေမှုစနစ်မရှိ ရေနုတ်မြောင်းစနစ်မရှိပဲ နေထိုင်ကြရသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)