Wednesday, June 2, 2010

သက်ဆင်ကို ဖမ်းရန် နိုင်ငံတကာ ရဲတပ်ဖွဲ့ ငြင်း

စိုင်းဇွမ်ဆိုင်း Tuesday, June 01, 2010


ထိုင်းအစိုးရက အကြမ်းဖက် သမားအဖြစ် သတ်မှတ် လိုက်သော ပြည်ပရောက် ထိုင်းဝန်ကြီး ချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ကို ဖမ်းဆီးပေးရန် နိုင်ငံတကာ ရဲတပ်ဖွဲ့ (Interpol) က ငြင်းဆန် လိုက်သည်။

ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့ အခြေစိုက် Interpol မှ အထွေထွေ အတွင်းရေးမှူး ရော်နယ် နိုဘယ်လ်က “လွတ်မြောက်နေတဲ့ ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ကို နိုင်ငံရေးမှုနဲ့ ဖမ်းဆီးမှာ မဟုတ်ပါဘူး”ဟု မေလ ၂၈ ရက်နေ့က ပြောဆို ထားသည်။

ထိုင်း ဒုတိယ ဝန်ကြီးချုပ် မစ္စတာ ဆူထက်ဖ် ထေ့ဆူဗန် က မေလ ၂၇ ရက်နေ့တွင် ထိုင်း အထူး စုံစမ်းစစ်ဆေးရေး ဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ရှေ့နေချုပ်ရုံးတို့မှ Interpol နှင့် ပူးပေါင်း၍ သက်ဆင်ကို ဖမ်းဆီးရန် ကြိုးစားသွားမည်ဟု ပြောဆိုပြီးနောက် Interpol မှ ယင်းသို့ တုံ့ပြန် ပြောဆိုခြင်း ဖြစ်သည်။

မစ္စတာ ဆူထက်ဖ်က “သက်ဆင်ဟာ သူ့ကိုယ်သူ အပြစ်မရှိဘူးလို့ ယုံကြည်တယ်ဆိုရင် ထိုင်းနိုင်ငံကို ပြန်လာပြီးတော့ ဖြေရှင်းသင့်တယ်။ သူ့ရဲ့ နာမည်ကို ပြန်ပြီး ဆေးကြောသင့်တယ်” ဟု ပြောကြောင်း မေလ ၂၇ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံ ရာဇဝတ်မှုဆိုင်ရာ တရားရုံးက နှစ်လကြာ ဖြစ်ပွားခဲ့သော ရှပ်နီဆန္ဒပြမှုကို ငွေကြေးထောက်ပံ့သည်ဟု ဆိုကာ အကြမ်းဖက်သမားအဖြစ် သတ်မှတ်ပြီး ဖမ်းဆီးရန် မေလ ၂၅ ရက်နေ့က အမိန့်ထုတ်ခဲ့သည်။

ထိုင်း အာဏာပိုင်များက သက်ဆင်အား အကြမ်းဖက်သမားအဖြစ် သတ်မှတ်ပြီးနောက်တွင် သက်ဆင်က ယခုလို တုံ့ပြန် ထားသည်။

“အကြမ်းဖက်မှုကို ကျနော် ဘယ်တုန်းကမှ မထောက်ပံ့ခဲ့ပါဘူး၊ ကျနော့်စိတ်ထဲမှာတော့ ငြိမ်းချမ်းစွာ ဆန္ဒပြတာကိုပဲ အမြဲ ထောက်ခံနေတာပါ၊ ထိုင်းနိုင်ငံမှာ လိုအပ်နေတာက ပြန်လည် သင့်မြတ်ရေးပါ” ဟု သက်ဆင်က Australian Broadcasting Corp သို့ သီးခြားနေရာမှတဆင့် တယ်လီဖုန်းဖြင့် ဖြေကြားထားခဲ့သည်။

ထိုင်းလွှတ်တော် အမတ် မစ္စတာ ခရိုင်ဆတ် ချူနာဝမ်က “နိုင်ငံရေးအမှုနဲ့ အရေးယူလို့ မရနိုင်ဘူး ဆိုရင်တောင်မှ တခြား သူ့ကို အရေးယူနိုင်မယ့် ပြစ်မှုတွေ ရှိနေပါသေးတယ်။ ၂၀၀၃ တုန်းက မူးယစ်ဆေးဝါး နှိမ်နင်းရေးဆိုတဲ့ အကြောင်းပြချက်နဲ့ လူပေါင်း ၂၈၀၀ ကျော် ထိုင်းနိုင်ငံမှာ အသတ်ခံခဲ့ရဖူးပါတယ်။ အဲဒီ အထဲက တဝက်ကျော်ကျော်ဟာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့သူတွေ မဟုတ်ကြပါဘူး။ အဲဒါက သက်ဆင် ဝန်ကြီးချုပ် လက်ထက်ပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

သက်ဆင်ကို ထောက်ခံသူ ရှပ်နီများ ဆန္ဒပြပွဲအတွင်း ၈၀ ကျော် သေဆုံးကာ ၁၄၀၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး ဆန္ဒပြပွဲများ ပြီးဆုံးချိန်တွင် ၃၉ ဦး ပျောက်ဆုံးနေသည်။ ဆန္ဒပြချိန်နှင့် ဆန္ဒပြမှုအပြီးတွင် ထိုင်းအာဏာပိုင်များက ခန့်မှန်းခြေ လူ တရာခန့် ဖမ်းဆီး ထိန်းသိမ်းခဲ့သည်ဟု လေ့လာသူများက ဆိုသည်။

ဝန်ကြီးချုပ်ဟောင်းကို ဖမ်းဆီးရန်အတွက် ဝရမ်းများကို ထိုင်း တော်ဝင် ရဲတပ်ဖွဲ့၊ ရှေ့နေချုပ်ရုံးနှင့် နိုင်ငံခြားရေး ဝန်ကြီး ဌာနတို့မှ ကြီးကြပ်ပြီး ကမ္ဘာ့အနှံ့အပြားမှ နိုင်ငံပေါင်း ၁၈၇ နိုင်ငံရှိ ရဲတပ်ဖွဲ့ဝင်များဆီသို့ ပေးပို့တော့မည် ဖြစ်သည်ဟု ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။

Interpol က ဖမ်းဝရမ်း အတိုင်း လုပ်ဆောင်လိမ့်မည် မဟုတ်ဟု ယုံကြည်ကြောင်း သက်ဆင်က Australian Broadcasting Corp သို့ ပြောသည်။

သက်ဆင်သည် ၂၀၀၆ ခုနှစ်က စစ်တပ် အာဏာသိမ်းသည့် အချိန်ကတည်းကပင် ပြည်ပသို့ ရောက်ရှိနေပြီး ဒူဘိုင်းနိုင်ငံ၊ မွန်တီ နီဂရိုး၊ ပြင်သစ်နှင့် ဗြိတိန်နိုင်ငံများသို့လည်း လှည့်လည် သွားလာခဲ့သည်။ ယခုကဲ့သို့ အကြမ်းဖက်သမား အဖြစ် သတ်မှတ်ခံရချိန်တွင် မွန်တီ နီဂရိုး နိုင်ငံ၌ ခိုလှုံလျက်ရှိသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)