Thursday, June 24, 2010

မြ၀တီမြို့ရှိ ရွှေဆိုင် အနုကြမ်းစီးခံရ

ဘစောတင် Wednesday, June 23, 2010

ကရင်ပြည်နယ် မြဝတီမြို့၌ ရွှေဆိုင် တဆိုင်ကို သေနတ် သမားများက အနုကြမ်းစီး သွားကြောင်း သတင်းရရှိသည်။

မြ၀တီမြို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်ရှိ “ကိုထွန်းအောင်၊ မရွှေသန်း” ရွှေဆိုင်ကို ယမန်နေ့ ညနေ ၅ နာရီခန့်တွင် အမည်မသိ သေနတ်သမား ၃ ဦး က ရွှေ ၅၀ ကျပ်သားခန့် (ကာလပေါက်ဈေး ကျပ်ငွေ သိန်း ၃၀၀ ဖိုးခန့်) ကို ဓားပြတိုက် သွားကြောင်း သိရသည်။

“ဆိုင်သိမ်းခါနီး ယောက်ျားတယောက်နဲ့ မိန်းမတယောက် ၀င်သွားတာတွေ့ လိုက်ရတယ်။ သိပ်မကြာခင်မှာပဲ ရုတ်ရုတ်သဲသဲ ဖြစ်ပြီးတော့ မိန်းကလေးက ဆိုင်ပြင်ဘက်ကို ထွက်လာတယ်။ ဆိုင်ကယ်ပေါ် တက်လိုက်ပြီး ခြောက်လုံးပြူးသေနတ်ကို မိုးပေါ် ၂ ချက် ထောင်ပစ်လိုက်တယ်” ဟု ရွှေဆိုင်နှင့် မျက်နှာချင်းဆိုင်ရှိ လက်ဖက်ရည်ဆိုင် ၀န်ထမ်းတဦးက ဧရာဝတီသို့ ပြောသည်။

အနုကြမ်းစီးသူများမှာ ၃ ဦးဖြစ်ပြီး အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၂ ဦး ဖြစ်ကြောင်း၊ အနုကြမ်းစီးသူများသည် အနက်ရောင်ဝတ်စုံများ ၀တ်ဆင်ထားကြပြီး မျက်နှာကို အ၀တ်ဖြင့် ဖုံးကွယ် စည်းနှောင်ထားကြောင်း သိရသည်။

“ရွှေဆိုင်ပိုင်ရှင် ကိုထွန်းအောင် မနေ့က စခန်းမှာ အမှုလာဖွင့်တယ်။ သူပြောပြတဲ့ ဖြစ်စဉ်အရ အနုကြမ်းစီး ဓားပြတိုက်မှု ဥပဒေ ၃၉၈ အရ တိုင်ချက်ဖွင့်ထားတယ်”ဟု မြဝတီမြို့မှ ရဲဝန်ထမ်းတဦးက ဆိုသည်။

အမျိုးသမီးနှင့် အမျိုးသားတဦးက ဆိုင်ခန်းထဲသို့ အရင် ၀င်လာပြီး အမျိုးသမီးက ဆိုင်ရှင်အမျိုးသမီးကို ပစ္စတိုဖြင့် ထောက်ထားကြောင်း၊ ထို့နောက် အတူပါလာသည့် အမျိုးသားက ဆိုင်ရှင် ကိုထွန်းအောင်ကို သေနတ်ဖြင့် ဆက်လက် ချိန်ရွယ်ခဲ့ကြောင်း၊ ကိုထွန်းအောင် ချိန်ရွယ်ခံထားရစဉ် အမျိုးသမီးက ရွှေထည်ပစ္စည်းထည့်ရာမှန်ပုံး ၂ ပုံးကို ပစ္စတိုဒင်ဖြင့် ရိုက်ခွဲကာ ရွှေများကို ယူဆောင်သွားကြောင်း အဆိုပါ ရဲဝန်ထမ်းက ဆက်လက်ပြောပြသည်။

အခင်းဖြစ်ပွားမှုကို ဗိုလ်ချုပ်လမ်းပေါ်ရှိ ဆိုက်ကားသမားများနှင့် ဆိုင်ကယ် ကယ်ရီသမားများက ကူညီရန် ၀ိုင်းအုံရောက်ရှိလာကြစဉ် အမျိုးသမီးက သေနတ်ပစ်ဖောက်ကာ ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

“အုံလာတဲ့လူတွေကို လန့်သွားအောင် ပစ္စတိုထုတ်ပြီး ၂ ချက်ဆင့် ပစ်ဖောက်လိုက်တယ်။ လာတဲ့လူတွေလည်း ရှေ့ဆက် မတက်ရဲတော့ဘူး။ ပြီးတော့ နောက်တယောက် ပြေးထွက်လာပြီး ဆိုင်ကယ်ကို ရုပ်ရှင်ထဲကလိုဘဲ ဒလကြမ်း မောင်းထွက်သွားတယ်” ဟု ဆိုက်ကားသမားတဦးက ဆိုသည်။

အနုကြမ်း စီးခံရပြီးနောက် မြ၀တီမြို့ အ၀င်အထွက်ဂိတ်များကို ပိုက်စိပ်တိုက် ရှာဖွေလျှက်ရှိသည်ဟု သိရသည်။

မြ၀တီမြို့သည် စစ်တပ်၊ ရဲ၊ လ၀က၊ အကောက်ခွန်၊ ငြိမ်းချမ်းရေးယူထားသည့် အဖွဲ့ဝင်များ၊ ဒုစရိုက်သမားများ ကျင်လည် ကျက်စားနေသော မြို့ဖြစ်ကြောင်း၊ မကြာခဏ လက်နက်ဖြင့် ခြိမ်းခြောက်မှုများလည်း ပေါ်ပေါက်လျှက်ရှိကြောင်း သိရသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)