
ရီးရဲလ်မက်ဒရစ်အသင်းသည် တနင်္လာနေ့တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်ပြီး သူတို့၏ နည်းပြသစ်အဖြစ် မော်ရင်ဟိုကို မိတ်ဆက်ပေးခဲ့သည်။.... ပေါ်တူဂီသား မော်ရင်ဟိုသည် ပူပူနွေးနွေး ဥရောပချန်ပီယံ အင်တာမီလန်ကလပ်အသင်းမှ ထွက်ခွာခဲ့ပြီးနောက် စပိန်ကလပ်အသင်းကြီးနှင့် (၄) နှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။
“ကမ္ဘာပေါ်မှာ ဂုဏ်သိက္ခာအရှိဆုံး နည်းပြတွေထဲက တယောက်ကို ရရှိတဲ့အတွက် ဂုဏ်ယူစရာပါ” ဟု ရီးရဲလ်မက်ဒရစ် အားကစားဒါရိုက်တာ ဂျော့ခ်ျဗယ်လ်ဒါနိုက ပြောဆိုသည်။
“ကျနော်တို့နဲ့အတူ ဒီမှာ သူရှိမှာဖြစ်တဲ့အတွက် အလွန်ဝမ်းမြောက်ပျော်ရွှင်စရာပါ။ အခုအချိန်မှာ ကျနော်တို့ကလပ်အတွက် အကောင်းဆုံးအရာကတော့ ကျနော်တို့နဲအတူ မော်ရင်ဟို ရှိနေခြင်းပါပဲ” ဟု ဗယ်လ်ဒါနိုက ဆက်လက်ပြောဆိုသည်။
ပေါ်တို၊ ချယ်ဆီးအသင်းတို့၏ နည်းပြဟောင်းဖြစ်သူ အသက် (၄၇) နှစ်အရွယ်ရှိ မော်ရင်ဟိုသည် ပြီးခဲ့သည့်အပတ်က ထုတ်ပယ်ခြင်းခံရသည့် မန်နျူရယ်လ် ပယ်လီဂရီနီ၏ နေရာတွင် အစားထိုး တာဝန်ယူခြင်းဖြစ်သည်။

“စိန်ခေါ်မှုတခုအတွက် ကိုယ့်ကိုယ်ကိုယ် ပေးဆပ်ရတာကို ကျနော် နှစ်သက်ပါတယ်။ ဒီတခါကတော့ တကယ့်ကို စိန်ခေါ်မှုကြီးတခုပါပဲ” ဟု မော်ရင်ဟိုက ဘာနေဗျူးအားကစားကွင်း၌ ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။
“ကျနော်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိပါတယ်။ နည်းပြတဦးအနေနဲ့လည်း ကျနော့်ရဲ့ အရည်အချင်းတွေအပေါ် ယုံကြည်မှုအပြည့်ရှိပါတယ်။ ကျနော့်ကို ဒီကို ခေါ်ယူတဲ့အတွက် ဘုတ်အဖွဲ့ကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ကျနော် မော်ရင်ဟိုပါ။ ကျနော့်မှာရှိတဲ့ အရည်အချင်းအားလုံး၊ ချွတ်ယွင်းချက်အားလုံးနဲ့အတူ ဒီကို ရောက်လာခဲ့တာပါ။ ကျနော် အသင်းကို တည်ဆောက်တဲ့အခါမှာ တဦးကောင်း တယောက်ကောင်း ကစားသမားတွေပေါ်မှာ အားမပြုခဲ့ပါဘူး။ ဒါကို အသင်းမှာရှိတဲ့သူအားလုံး နားလည်သဘောပေါက်မယ်ဆိုရင် ရလဒ်ကောင်းတွေ ရရှိဖို့ ခက်ခဲမှာမဟုတ်ပါဘူး” ဟု မော်ရင်ဟိုက ဆက်လက်ပြောဆိုသည်။
ရီးရဲလ်မက်ဒရစ်အသင်း၏ အာဂျင်တီးနားတိုက်စစ်မှူးဖြစ်သူ ဂွန်ဇာလိုဟီဂူအင်ကလည်း ဘာနေဗျူးတွင် ၂၀၁၆ ခုနှစ်အထိ ရှိစေမည့် (၃) နှစ် သက်တမ်းတိုး စာချုပ်သစ်တရပ်ကို ချုပ်ဆိုရန် သဘောတူညီခဲ့ခြင်းဖြင့် နွေရာသီတွင် ကလပ်အသင်းမှ ထွက်ခွာပြီး ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာစီးတီးအသင်းသို့ ပြောင်းရွှေ့တော့မည်ဟူသည့် ထင်ကြေးပေးပြောဆိုမှုများကို အဆုံးသတ်လိုက်သည်။

အသက် (၂၂) နှစ်အရွယ်ရှိ ဟီဂူအင်၏ လက်ရှိစာချုပ်သည် ၂၀၁၃ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်သော်လည်း အေအက်စ်သတင်းစာက လာမည့် ရက်အနည်းငယ်အတွင်း သက်တမ်းတိုးစာချုပ်ကို ဟီဂူအင် လက်မှတ်ရေးထိုးလိမ့်မည်ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့သည်။ စာချုပ်သစ်ကိစ္စ အပြီးအပြတ် ဆွေးနွေးရန်အတွက် ဟီဂူအင်၏ ဖခင်လည်းဖြစ်၊ အေးဂျင့်လည်းဖြစ်သည့် ဂျော့ခ်ျဟီဂူအင်က ဂျော့ခ်ျဗယ်လ်ဒါနို အပါအ၀င် ရီးရဲလ်မက်ဒရစ် အရာရှိများနှင့် တွေ့ဆုံခဲ့သည်။
No comments:
Post a Comment