Tuesday, August 31, 2010

ကေအိုင်အို၏ ဆေးဝါးများ ဖမ်းဆီးခံရ

Tuesday, August 31, 2010


ဖနိဒါ | တနင်္လာနေ့၊ သြဂုတ်လ ၃၀ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၂၈ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။ ။ နယ်ခြားစောင့်တပ်ဖွဲ့ရေး ငြင်းဆန်နေသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) က ၎င်းတို့၏ ဆေးပေးခန်းအတွက် ကျပ် ၁၆ သိန်းခန့် တန်ဖိုးရှိ ဆေးဝါးများကို ယနေ့ သယ်ဆောင်လာစဉ် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ပေါ်ရှိ ကုသု စက်လှေဆိပ်အရောက် ဒေသအာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း သိရသည်။


ကေအိုင်အေဗိုလ် ဆရာဝန်ယောဟန်သည် ပူတာအိုခရိုင် ကေအိုင်အို၏ တပ်ရင်း ၇ ရှိသည့် ထိန်နန်ကျေးရွာမှ ကျန်းမာရေးဌာန ဆေးပေးခန်းအတွက် မြစ်ကြီးနားရှိ ‘ဆောင်းဟေမန်’ ဆေးဆိုင်မှ တနှစ်စာ ဝယ်လာသည့် ဆေးများကို သယ်ဆောင်ရန် စက်လှေပေါ် ရှိနေစဉ် နအဖ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အမှတ် (၁) ရဲစခန်းမှ တပ်ဖွဲ့ဝင်များပါ ၇ ဦးက နံနက် ၉ နာရီခန့်တွင် ဖမ်းဆီးယူငင်သွားခြင်း ဖြစ်သည်။
KIO
’’ဆန်၊ ဆီ၊ ဆား၊ ဆေးဝါးပစ္စည်းတွေ၊ စားသုံးကုန်တွေကို ပုံမှန် သယ်သွားတာပဲ။ ဒီတပတ်ကျမှ ဘာဖြစ်လို့ တားမြစ်ထား၊ မသယ်ခိုင်းတာလဲ မသိဘူး။ နောက်နောင် အခုလိုမျိုး ဆေးဝါး၊ စားသုံးကုန်ပစ္စည်းတွေ သယ်ဆောင်တာ တွေ့ရင် စက်လှေရှင်နဲ့ ယာဉ်မောင်းကိုပါ ဖမ်းဆီးမယ်လို့ သတိပေးသွားခဲ့တယ်’’ ဟု အမည်မဖော်လိုသူ စက်လှေသမား တဦးက မဇ္ဈိမကို ပြောသည်။

ဆရာဝန် ယောဟန်က မိမိတို့ ဆေးပေးခန်းသည် မြစ်ကြီးနားမြို့သို့ သွားရေးလာရေး အခက်အခဲရှိပါသဖြင့် ဆေးဝါးပစ္စည်း တနှစ်စာ ဝယ်ယူကြောင်း ပြောကြားခဲ့ရာ၊ စရဖ နှင့် ရဲတပ်ဖွဲ့ဝင်များက အထက် ညွှန်ကြားချက်အရ ဖမ်းဆီးရကြောင်းနှင့် မည်သည့်ဆေးဝါး၊ အစားအစာများကိုမဆို သယ်ဆောင်ခွင့် တားမြစ်ထားကြောင်း ပြန်လည်ပြောကြားခဲ့သည်။

ဖမ်းဆီးယူငင်သွားသော ဆေးဝါးပစ္စည်းများအား ယခုအခါ မြစ်ကြီးနားမြို့ အမှတ် (၁) ရဲစခန်း၌ သိုလှောင်ထားကြောင်းနှင့် အထက်မှ ညွှန်ကြားချက် ရရှိမှသာ ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မည်သို့သောကြောင့် ဆေးဝါးများ ဖမ်းဆီးရသည်ကို ကေအိုင်အိုဘက်က စစ်အစိုးရထံ မေးမြန်းထားသော်လည်း ယခုထိ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်းလည်း သိရသည်။

နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးနှင့် စပ်လျဉ်း၍ စစ်အစိုးရနှင့် ကေအိုင်အိုအကြား သဘောတင်းမာမှု၊ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေသည့် အချိန်ဖြစ်သောကြောင့် သယ်ဆောင်ခွင့် မပြုခြင်းဖြစ်ကြောင်း အကဲခတ်သူများက ပြောကြားကြသည်။

နယ်ခြားစောင့်တပ်အရေး လာမည့်လ ၁ ရက်နေ့တွင် နောက်ဆုံးထား အကြောင်းပြန်ရန် စစ်အစိုးရက ကေအိုင်အိုကို ပြောဆိုထားပြီး ဖြစ်သည်။


No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)