Sunday, August 15, 2010

ရွေးကောက်ပွဲအချိန်စာရင်း ကြေညာသော်လည်း ထောက်ခံအားပေးသံ မကြားရ

မိုးမခအထောက်တော်၊ မွန်ပြည်နယ်


စစ်အစိုးရက ရွေးကောက်ပွဲ နေ့ရက်ကို ယမန်နေ့က ကြေညာလိုက်ရာ ထောက်ခံအားပေးသံများ ထွက်မလာဘဲ ကန့်ကွက်မှုများ၊ တိုက်တွန်းမှုများနှင့် ကြုံနေရသည်။

၂၀၁၀ ရွေးကောက်ပွဲသည် ယုံကြည် လက်ခံဖွယ် မရှိနိုင်ကြောင်း အမေရိကန်နိုင်ငံက ချက်ချင်း တုံ့ပြန်လိုက်သည်။

ကုလသမဂနှင့် ဗြိတိန်နိုင်ငံတို့က နိုင်ငံရေး အကျဉ်းသားများ (ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်)ကို ချက်ချင်း လွှတ်ပြီး မြန်မာ့နိုင်ငံရေးတွင် ပါဝင်လှုပ်ရှားခွင့် ပေးရန် တိုက်တွန်းလိုက်သည်။
ထိုတုံ့ပြန်ချက်များနှင့် ပတ်သက်ပြီး စစ်အစိုးရက ထုံးစံအတိုင်း တိတ်ဆိတ်နေသည်။

အလဲဗင်း မီဒီယာ အုပ်စု၏ အင်တာနက် စာမျက်နှာတွင်လည်း အာဏာပိုင်တို့က ရွေးကောက်ပွဲရက်ကို ကြေညာသည့် သတင်း တွေ့ရသည်။ ထိုသတင်းကို ယနေ့  နံနက်ပိုင်း အထိ အင်တာနက်မှ စာဖတ်သူ ၄၀ ကျော်က မှတ်ချက်များ ရေးသွားကြရာ အများစုက စစ်အစိုးရ၏ ရွေးကောက်ပွဲကို ယုံကြည် လက်ခံခြင်း မရှိကြောင်း တွေ့ရသည်။ မဟုတ်မဟတ် လုပ်ဇာတ်ခင်းပြီး ပြည်သူတွေရဲ့ ကျောကို နင်း - - နိုဝင်ဘာလတွင် လိမ်ပွဲကြီးစတင် တော့ပါမည် - - မယုံကြည်လို့ မကြိုဆိုပါဘူး - - မြန်မာ တစ်မျိုးသားလုံး ကျွန်အဖြစ် သွတ်သွင်း ပွဲ စတင်တော့ မည် စသဖြင့် မှတ်ချက်များကို တွေ့နိုင်သည်။

၁၉၉၀ ပြည့်နှစ်က မွန်ပြည်နယ် သထုံမြို့နယ်မှာ ၀င်ရောက်အရွေးခံဖူး တဲ့သူ တဦးကမူ `ကျွန်တော့်အမြင်တော့ အခုလို ကြေညာတာ ကောင်းတယ်လို့ မြင်တယ်' ဟု မိုးမခကို ပြောသည်။

'ဘာလို့ဆို ရွေးကောက်ပွဲ ဆိုတာ စစ်တပ်က မရှောင်မလွှဲသာလို့ လုပ်ပေးရတာ၊ ပြည်တွင်း ဖိအား၊ နိုင်ငံတကာ ဖိအားတွေက တွေ့ဆုံဆွေးနွေးပါ ဆိုတဲ့ လမ်းကို ရှောင်လွှဲဖို့ ဒါကိုရွေးခဲ့တာ၊ ဒီရွေးကောက်ပွဲကနေ နိုင်ငံရေး ပြဿနာအားလုံး ပြေလည် ဖို့တော့ မျှော်လင့်ထားလို့ မဟုတ်ဘူး။ ပြဿနာတွေ ပြေလည်ဖို့က အခြား နည်းလမ်းတွေနဲ့ သွားရမှာ၊ အခု ရွေးကောက်ပွဲက သူတို့ရဲ့ နိုင်ငံရေး ကစားကွက် အဆုံးကို နောက်တဆင့် နီးသွားတဲ့ သဘောပါ´ ဟု သူက ပြောသည်။

မွန်ပြည်နယ် မုဒုံ၊ မော်လမြိုင် မြို့မှ အချို့သော နယ်ခံများက ရွေးကောက်ပွဲမှ မျှော်လင့်စရာ သိပ်မရှိသဖြင့် ယခုကဲ့သို့ ရွေးကောက်ပွဲ နေ့ရက် ကြေညာခြင်း အပေါ် သိပ်စိတ်ဝင်စား စရာ မရှိကြောင်း မေးမြန်း သိရှိရသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)