Tuesday, September 14, 2010

တပ်ရိက္ခာအတွက် ဆန်ကို ကျေးရွာများထံ တောင်းယူ

14 Sep 2010 10:08 PM PDT

ကရင်နီပြည် ရှားတောမြို့နယ်၌ တပ်စွဲထားသော စစ်အစိုးရတပ်သည် ၎င်းတို့ တပ်စခန်း စားသုံးရေးအတွက် ဆန်များကို ယခုလ ၂၄ ရက်နေ့က ဒေသခံကျေးရွာများထံ အခမဲ့ တောင်းယူခဲ့ကြောင်း သိရသည်။

ဗိုလ်ကြီး ကျော်သူ ဦးဆောင်သော စစ်အစိုးရတပ်မှ ခမရ ၅၁၇ တပ်ရင်းသည် ၎င်းတို့ တပ်စခန်း အနီးရှိ ဒေါတနောကျေးရွာမှ ဆန် ၁၀ ပုံးနှင့် ဒေါမူးလဲကျေးရွာမှ ဆန် ၈ ပုံးတို့ကို တောင်းယူခဲ့ပြီး တပ်စခန်းသို့ အရောက်ပို့ပေးရန် အမိန့်ပေးခဲ့သည်။

“သူတို့ (နအဖ) တပ်က ကျနော်တို့ကို အခမဲ့ အတင်းတောင်းနေတယ်။ သူတို့ကို ဆန်ပေးဖို့ အမိန့်ပေးထားတယ်။ သူတို့ကျတော့ ကျနော်တို့ ရွာသားတွေအတွက် ဘာတခုမှ ကူညီပေးတာတွေ မရှိဘူး” ဟု ရှားတောမြို့နယ်မှ ဒေသခံတဦးက ပြောသည်။

ယခုနှစ်တွင် မိုးခေါင်ခဲ့သည့်အတွက် စိုက်ထားသော အသီးအနှံများနှင့် စပါးများသည်လည်း ကောင်းမွန်စွာ ဖြစ်ထွန်းအောင်မြင်မှု မရှိသည့်အပြင် စစ်အစိုးရတပ်၏ တပ်ရိက္ခာအတွက် ထပ်ဆောင်နေရ၍ စားဝတ်နေရေး ခက်ခဲမှု ရှိမှာကို စိုးရိမ်နေရကြောင်း သူက ဆက်ပြောသည်။

စစ်အစိုးရတပ်အတွက် အထက်မှ ပို့ပေးသော တပ်ရိက္ခာများကို ရှေ့တန်းနယ်မြေ၌ လှုပ်ရှားနေသော ကရင်နီတပ်မတော်များက ဖြတ်တောက်ယူခဲ့သောကြောင့် ၎င်းတပ်ရင်းသည် ဒေသခံကျေးရွာများအပေါ် ဆန်များကို လက်တုန့်ပြန် တောင်းယူရခြင်း ဖြစ်သည်ဟု ကရင်နီလူမှုကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးပင်မဌာနမှ ပြည်ထဲရေး ဒု-တာဝန်ခံ ဗားမားနိုင်က ပြောသည်။

“ပြီးခဲ့တဲ့ တလ နှစ်လတုန်းက ၃-၄ ခါလောက် ရှိမယ်။ ကျနော်တို့ ကရင်နီရဲဘော်တွေက သူတို့ ရိက္ခာ သွားဖြတ်ထားလိုက်တယ်လေ။ ဘာဖြစ်လဲဆို သူတို့က ရွာသူရွာသားတွေကို သူတို့ နေတဲ့ ထင်းရူးတောင်မှာ ၂ ခါ သွားပို့ခိုင်းတယ်။ ကရင်နီရဲဘော်တွေက ၂ ခါ ၃ ခါ ကြားဖြတ်ယူလိုက်တော့ သူတို့ ကြောက်သွားတယ် ထင်တယ်။ ရွာသူရွာသားတွေဆီမှာ သွားတောင်းစားနေတာလေ” ဟု ၎င်းက ပြောသည်။

ထို့အပြင် ၎င်းတပ်ရင်းသည် ရှားတောမြို့နယ်ရှိ အခြားကျေးရွာများ ဖြစ်သော နောင်ပလူး၊ ဆုဖဲလော်၊ ဒေါဂေရော၊ သီရိဒါး၊ ဒေါနောင်ပလူး၊ လဲဒူကဆား၊ နန်းအွန်(ယ်)လေး၊ ကလာလဲနှင့် ကျူးလဲတို့၏ ရွာသူကြီးများနှင့် တွေ့ဆုံပြီး တရွာလျှင် ဆန် ၅ အိတ်စီ တပ်စခန်းသို့ ပို့ပေးရန် ထပ်မံတောင်ခံထားကြောင်း ဆိုသည်။

ရှားတောမြို့နယ် ထင်းရှုးတောင်၌ တပ်စွဲထားသော ၎င်းတပ်ရင်းသည် ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၇ ရက်နေ့တွင်လည်း ဒေသခံကျေးရွာများ၏ ဆန်များကို ငွေးကြေး ပေးဆောင်မှု မရှိဘဲ တောင်းယူခဲ့သည်ဟု သိရသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)