Friday, October 1, 2010

ဘုရားသုံးဆူ နယ်စပ်သို့ တက်လာသော စစ်ကြောင်း အပစ်ခတ်ခံရ

29 Sep 2010
ကောင်းဝါသတင်း

ဗျုဟာမှူးတစ်ဦး အပါအဝင် ဘုရားသုံးဆူ နယ်စပ်သို့ တက်လာသော စစ်ကြောင်း တပ်ရင်း နှစ်ရင်းအား ယနေ့နံနက်ပိုင်း၌ မိမိတို့ ပြောက်ကျားပစ်ခတ်ခဲ့ကြောင်း KNU က ပြောသည်။

“အထိအခိုက် စာရင်းတွေ အတည်မပြုနိုင်သေးပါ၊ ကျနော်တို့ တပ်ဖွဲ့ ပစ်ခတ်တာကတော့ သေချာတယ်” ဟု တပ်မဟာ (၆) ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်ကြီး စောထဲနေ ပြောပါသည်။

ဘုရားသုံးဆူမြို့မှ (၁၈) မိုင်ခန့် ဝေးကွာသော အပလုံရွာနှင့် မြိုင်သာယာရွာ အကြားတွင် ယင်းကဲ့သို့ ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

တဖန် ဗိုလ်ကြီး စောထဲနေက “အဲဒီကနေ နှစ်မိုင်လောက် ဝေးတဲ့ နေရာမှာလည်း မနက် (၁၁) နာရီမှာ လက်နက်ကြီးသံတွေ ငါးမိနစ်လောက် ထပ်ကြားရပြန်တယ်၊ ဒါပေမယ့် ကျနော်တို့ အဖွဲ့တော့ အဲဒီမှာ မရှိတော့ဘူး” ဟု ပြောသည်။

ဒေသခံ မွန်ပြည်သစ်ပါတီ အရာရှိ တစ်ဦးက အဆိုပါ သေနတ်သံများ ကြားရသော်လည်း မွန်ပြည်သစ် တပ်ဖွဲ့များနှင့် ပစ်ခတ်မှု မရှိခဲ့ဟု ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

ထို့အတူ ယခုလ (၂၄) ရက်နေ့တွင်လည်း အဆိုပါ စစ်ကြောင်းအား လေးဖိုးရွာ အနီးတွင် KNU မှ ခြောင်းမြောင်း ပစ်ခတ်ခဲ့ရာ နအဖဖက်မှ တစ်ဦးထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု တပ်မဟာ (၆)မှ ပြောသည်။

ထိုသို့ အပစ်ခတ်ခံရပြီးနောက် ၎င်းနအဖစစ်ကြောင်းသည် ကားလမ်းအတိုင်း ခြေလျှင် မလာတော့ဘဲ တောင်ကြောများပေါ်မှတဆင့် ဆက်လက်ချီတက်ခဲ့ပြန်ရာ လွယ်လွယ်နှင့် ခရီးမတွင် ဖြစ်နေသည်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ရှေ့တန်းစစ်ဗျူဟာ (၃)မှ ဗိုလ်မှူးကြီး တင်မောင်ထွန်းနှင့်အတူ ခလရ (၂၈၃)၊ ခမရ (၄၀၅) တပ်ရင်း နှစ်ရင်း ပါရှိလာသည်။

“နှစ်ရက်ခရီးကို တစ်ပတ်နီးပါးလောက် အချိန်ယူပြီး လာရကတည်းက လမ်းမှာ လုံခြုံရေးတွေ တော်တော်သတိထားနေရလို့ပါ” ဟု နယ်စပ်စစ်ရေး စောင့်ကြည့်လေ့လာသူတစ်ဦး အကဲခတ်ပြောဆိုသည်။

အဆိုပါ ခလရ (၂၈၃) သည် လက်ရှိ ဘုရားသုံးဆူ အခြေစိုက် ခလရ (၃၂) တပ်ရင်း နေရာတွင် အစားထိုး ဝင်ရောက်လာမည်ဟု စုံစမ်းသိရှိရသည်။

သတင်းမှတ်တမ်းများအရ ယင်းရတခတိုင်းစစ်ဗျူဟာမှူးများသည် ဘုရားသုံးဆူ နယ်စပ်မြို့သို့ မလာရောက်နိုင်သည်မှာ (၂) နှစ်ခန့် ရှိပြီး ဖြစ်သည်။

ထိုသို့ တိုင်းရှေ့တန်းစစ်ဗျူဟာမှူးတစ်ဦး ယခုအချိန် လာရောက်ခြင်းသည် ထူးခြားမှု တစ်ရပ်ဟု စစ်ရေးစောင့်ကြည့်သူများ အကဲခတ် နေကြသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)