Tuesday, October 12, 2010

နအဖ လက်နက်ခဲယမ်း သိုလှောင်ရုံ မီးလောင်ပေါက်ကွဲ

11 Oct 2010
သျှမ်းသံတော်ဆင့်

ယမန်နေ့မနက်က သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့ စစ်လက်နက်ပစ္စည်း သိုလှောင်ရုံ မီးလောင်ပေါက်ကွဲသဖြင့် ပျက်စီးဆုံးရှုံးမှု များပြားကြောင်း ဒေသခံလူထုများ ပြောပြချက်အရ သိရပါသည်။

မီးစွဲလောင်မှုကြောင့် ၈၁ မမ၊ ၁၂၀ မမ ဗုံးသီးများ အပါအ၀င် လက်နက်ကြီးများ သိုလှောင်ထားသော မြေအောက်ခန်းပါ ဂိုဒေါင် ၂ ရုံ ပြာကျကုန်သည်ဟု နယ်စပ်ရောက် မိုင်းဆတ် ဒေသခံတဦးက ပြော၏။

“ပေါက်ကွဲပြီး မီးလောင်တာ။ လက်နက်ရုံရော ပါတ်ဝန်းကျင်က အဆောက်အအုံတွေပါ လောင်ကုန်တာ။ စစ်တပ်သတင်းအရ ဆိုရင်တော့ ၀ သို့မဟုတ် သျှမ်းတပ်တို့ရဲ့လက်ချက်လို့ စွပ်စွဲတယ်။ ရပ်ကွက်သတင်းအရ ဆိုရင်တော့ စစ်တပ်ထဲက လူကဘဲ ပြန်လုပ်တာလို့ ထွက်တယ်။ အဖြစ်နိုင်ဆုံးကတော့ လျှပ်စစ်မီးဝါယာရှော့ခ် ကြောင့်လို့ ခန့်မှန်းကြတာပေါ့” ဟု အဆိုပါ နီးစပ်သည့် မိုင်းဆတ် ဒေသခံက ပြောပါသည်။

ထိခိုက်ရှနာနှင့် အသေအပျောက် မရှိဟု သတင်းထွက်နေသော်လည်း မတည်မပြုနိုင်သေးသည့် သတင်းအရ ၃ ယောက် သေဆုံးကာ ၁ ယောက် ဒဏ်ရာရသည်ဟု ဆိုသည်။

နအဖတပ်တွင်း ပေါက်ကွဲမှု ဖြစ်ပွါးသောကြောင့် ၀ (သို့မဟုတ်) SSA တပ်ဖွဲ့ လက်ချက် လုံးဝ မဖြစ်နိုင်ကြောင်း သျှမ်းပြည် နိုင်ငံရေး၊ စစ်ရေးစောင့်ကြည့်လေ့လာသူ ထိုင်းနယ်စပ်နေ အသက် ၅၀ ကျော် သျှမ်းအမျိုးသား တဦးက သုံးသပ်၏။

“အသွင်ပြောင်းရေး ငြင်းဆန်တဲ့ အပစ်ရပ်တွေနဲ့ နအဖကြား တင်းမာနေတဲ့ အခြေအနေမှာ အခုလို လက်နက် သိုလှောင်ရုံ ဗုံးပေါက်ကွဲမှု ဖြစ်လိုက်တဲ့အပေါ် လူထုက အာရုံစိုက်နေကြတယ်။ တကယ်လို့ အခု တိုက်ကြမယ်ဟေ့ ဆိုရင်တောင်မှ တခြားက အကူအညီတွေရမှ တိုက်နိုင်မှာ” ဟု လည်းဆက် ပြော၏။

အောက်တိုဘာ ၁၁ ရက် ယနေ့နံနက်ခင်းက ဖြစ်ပွါးသော အဆိုပါ ပေါက်ကွဲမှုမှာ မိုင်းဆတ်မြို့အထွက် အနောက်တောင်ဘက် ၁ မိုင်ခန့်အကွာ၊ မိုင်းဆတ်-မိုင်းတုံကား လမ်းတောင်ဘက်ခြမ်း၊ နမ့်ဆွမ်ချောင်း မြောက်ဘက်ခြမ်း နမ့်ခုတ်နှင့် နမ့်ဆွမ်ချောင်းဆုံ အနီး ခမရ ၅၂၇ နှင့် အမြောက်တပ် အကြား၌ ဖြစ်၏။ ကျိုင်းတုံ အခြေစိုက် တြိဂံစစ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦး မိုင်းဆတ်မှ မိုင်းတုံသို့ ထွက်သွားပြီး မကြာမီ ၀၇း၀၀ နာရီခန့်၌ ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)