Thursday, October 21, 2010

ပြည်သူ (၂၀၀၀) ကျော် ဆန်ပြတ်လပ်နေ

ဝီရ / ၂၀ အောက်တိုဘာ ၂၀၁၀

မွန်ပြည်သစ်ပါတီ၏ ထားဝယ်ခရိုင်အတွင်း မှီခိုနေထိုင်နေကြသူ လူဦးရေ (၂၀၀၀) ကျော်တို့သည် ယခုအခါ ဆန်ပြတ်လပ်မှု ပြဿနာနှင့် ရင်ဆိုင်နေရပြီး အကူအညီများ လိုအပ်နေကြောင်း သိရသည်။

၎င်းတို့အား အကူအညီပေးနေသော မွန်ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီမှ အတွင်းရေးမှူး နိုင်ဗညားအိန်က “အဲဒီမှာ ဖွင့်လှစ်ပေးထားတဲ့ ပြန်လည်ထူထောင်ရေးစခန်း (၆) ခုက ပြည်သူ အယောက် (၂၀၀၀) နဲ့ ရွာပုန်းရွာရှောင် (၆) ရွာက အခြားပြည်သူတွေ စားသောက်ဖို့ ဆန်ပြတ်လပ်နေတယ်။ မိုးတွင်းရာသီမှာဆိုတော့ ဆန်တွေကို သွားပို့ဖို့လည်း အခက်အခဲတွေ ရှိနေပါတယ်။ လက်ရှိအချိန်မှာ သူတို့တွေ ဆန်ပြုတ်စားနေရတဲ့အခြေအနေပါ။ ဒီ့အတွက် အလှူရှင်တွေနဲ့ ညှိနှိုင်းမှု လုပ်ဖို့ ကြိုးစားနေပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ထိုခရိုင်သို့ ရိက္ခာပို့ဆောင်ရာ လမ်းကြောင်းပေါ်ရှိ ဒေသခံ စစ်အစိုးရ တပ်ဖွဲ့တို့က ဆန်ပို့ဆောင်ရန် ကန့်သတ်ပိတ်ပင်မှုများ ရှိကြောင်း၊ ယခုအခါ မိုးတွင်းကာလဖြစ်၍ ကယ်ဆယ်ရေးအဖွဲ့အနေဖြင့် သွားလာရေး အခက်အခဲများလည်း ရင်ဆိုင်နေရကြောင်း နိုင်ဗညားအိန်က ဆက်လက် ရှင်းပြသည်။

၎င်းက “ကျနော်တို့နယ်မြေဆီ ကားတွေနဲ့ ဆန်ပို့တာကို ပြီးခဲ့တဲ့ (၂) လလောက်ကတည်းက အဲဒီဂိတ်တွေက ပိတ်ထားတယ်။ ဧပြီလတုန်းက နအဖနဲ့ မွန်ပြည်သစ် အခြေအနေ တင်းမာကြတော့ လှောင်ထားတဲ့စပါးတွေလည်း မသယ်နိုင်ကြလို့ တောထဲမှာ ဝှက်ထားကြတယ်။ အဲဒီမှာ မိုးရွာတာနဲ့ အခြားသားကောင်တွေ စားလိုက်တာကြောင့် အခုလို ဆန်ပြတ်သွားတာ ဖြစ်တယ်။ တောင်ယာစပါးလည်း မထွက်သေးတော့ ရတာ ဝေငှပြီး စားနေကြရတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

မွန်ပြည်သစ်နှင့် မြန်မာ စစ်အစိုးရအကြား အခြေအနေ တင်းမာလာချိန် ပြီးခဲ့သည့် ဧပြီ (၂၂) ရက်၌ လွတ်မြောက်ရာ နယ်စပ်ဒေသသို့ ခေတ္တ ရှောင်တိမ်းလာကြသူ အများစုသည် အဆိုပါ ထားဝယ်ခရိုင်မှ ပြည်သူများ ဖြစ်ကြောင်း သိရသည်။

ရေးမြို့အဝင် တံတားဖြူဂိတ်နှင့် မလွှဲတောင် ဂိတ်စခန်းရှိ မြန်မာအာဏာပိုင်တို့က ဆန်တင်ပို့မှု ကန့်သတ်ပိတ်ပင်ထားခြင်း ဖြစ်ကြောင်း မွန်ပြည်သစ် ထားဝယ်ခရိုင် ဗဟိုကော်မတီဝင်တဦးက အတည်ပြု ပြောကြားသည်။

မွန်ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ၏ အဆိုအရ ယင်းဒေသတွင် ဆန်ထောက်ပံ့မှုသည် (၁) နှစ်ပတ်လုံးအတွက် (၃) လစာ ခွဲတမ်းသာ အကူအညီ ပေးနိုင်ပြီး ကျန်သည့် ရိက္ခာများအတွက် ၎င်းတို့ကိုယ်တိုင် ရှာဖွေစားသောက်ကြရကြောင်း သိရသည်။

နိုင်ဗညားအိန်က “အရင်က (၁) နှစ်မှာ (၉) လအထိ ဆန်ထုတ်ပေးတယ်။ နောက် (၆) လ၊ အခု (၃) လစာပဲ ကျနော်တို့ ဝေပေးနိုင်တယ်။ ဒါက ရန်ပုံငွေ အခက်အခဲတွေကြောင့်ပါ” ဟု ပြောသည်။

“ထားဝယ်ခရိုင်ထဲက လူတွေက စစ်ပွဲပြန်ဖြစ်ရင် နယ်စပ်အထိ ထွက်ပြေးလာဖို့ပဲ ရှိတယ်။ (မွန်ပြည်သစ်) ဗဟိုဌာနချုပ်က အခြားရွာသား အယောက် (၁၀၀၀) ကျော်လည်း နယ်စပ်ကိုပဲ လာရဖို့ ရှိတယ်” ဟု ထားဝယ်ခရိုင် ဗဟိုကော်မတီဝင်က ဆိုသည်။

ဌာနေပြည်သူ့စစ် ဖွဲ့စည်းရန် ငြင်းဆန်ပြီးနောက် စစ်ရေးအခြေအနေ တင်းမာလာခြင်းကြောင့် မွန်ပြည်သစ်က မြို့ပေါ်ရှိ ၎င်းတို့၏ ရုံးတာဝန်ခံများကိုလည်း ပြန်လည် ရုပ်သိမ်းခဲ့ပြီး ၎င်းတို့၏ ထိန်းချုပ်ဒေသအတွင်းသို့ ဝင်ရောက်လာသည့် စစ်အစိုးရ တပ်ဖွဲ့များကိုလည်း ခွင့်တောင်းရန် မလိုဘဲ ပစ်ခတ်ခွင့် ပေးထားကြောင်း သိရသည်။

ထိုအချိန်မှစ၍ ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်း၌သာ နေထိုင်ကြရန် ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို ပါတီက အမိန့်ထုတ်ထားသည်။

သို့သော် စစ်အစိုးရဘက်မှ စစ်ရေးအရ အရေးယူလာမှုမျိုး ယခုအချိန်အထိ မရှိသေးချေ။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)