Tuesday, October 19, 2010

မြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ဖို့ သြစတြေးလျ အတိုက်အခံ တောင်းဆို

နော်ရှိုး တနင်္လာ, 18 အောက်တိုဘာ 2010

ဩစတြေးလျ အစိုးရ အနေနဲ့ မြန်မာစစ်အစိုးရရဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကဏ္ဍတွေကို ပစ်မှတ်ထား ပိတ်ဆို့ ဒဏ်ခတ်ဖို့ ဩစတြေးလျနိုင်ငံ New South Wales ပြည်နယ် အခြေစိုက် Greens ပါတီက တိုက်တွန်းလိုက်ပါတယ်။ အရင်လတုန်းကလည်း ဒီ Greens ပါတီက ပါဝင် ကိုယ်စားပြုတဲ့ New South Wales ပြည်နယ် အထက်လွှတ်တော်က မြန်မာစစ်အစိုးရရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေကို ပစ်မှတ်ထား ပိတ်ဆို့ဒဏ်ခတ်ရေးကို စဉ်းစားပေးဖို့အတွက် တောင်းဆိုခဲ့တာပါ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး New South Wales ပြည်နယ်က Greens ပါတီ လွှတ်တော်အမတ် တဦးနဲ့ ဆက်သွယ် မေးမြန်းထားတဲ့ နော်ရှိုးက တင်ပြပေးထားပါတယ်။

ဩစတြေးလျ အစိုးရ အနေနဲ့ မြန်မာနိုင်ငံရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းဆိုင်ရာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေကို ပစ်မှတ်ထားပြီး ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို အမြန်ဆုံး ချမှတ်ဖို့အတွက် ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေမှာ ပြုလုပ်ခဲ့တဲ့ ဩစတြေးလျနိုင်ငံ New South Wales ပြည်နယ်က Greens ပါတီ အစည်းအဝေးတွင်း တညီတညွတ်တည်း မဲပေးပြီး ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်တာပါ။

မြန်မာနိုင်ငံမှာ ဓာတ်သတ္တု တူးဖော်တဲ့လုပ်ငန်း၊ သစ်ထုတ်လုပ်ငန်း၊ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကုန်ထုတ်လုပ်ငန်း၊ လျှပ်စစ်မီး စတဲ့ စီးပွားရေး ကဏ္ဍတွေ အားလုံးကို စစ်အစိုးရက ချုပ်ကိုင်ထားသလို ပြည်ပပို့ကုန်နဲ့ ငွေကြေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေ အားလုံးကိုလည်း လက်ဝါးကြီး အုပ်ထားတာ ဖြစ်တယ်လို့ ကြေညာချက်ထဲမှာ ရေးသားထားပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလိုတဲ့ နိုင်ငံခြား ကုမ္ပဏီတိုင်းဟာ စစ်အစိုးရပိုင် လုပ်ငန်းတွေနဲ့ လုပ်ကိုင်နေရတာမို့ စစ်အစိုးရနဲ့ တိုက်ရိုက် စီးပွားရေး လုပ်နေရတာပဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနေတဲ့ ကုမ္ပဏီတွေဟာ မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တိုက်ရိုက် ပံ့ပိုးပေးနေတာ ဖြစ်တာကြောင့် စိုးရိမ်မကင်း ဖြစ်ရတဲ့အကြောင်း New South Wales ပြည်နယ် Greens ပါတီ လွှတ်တော်အမတ် ဒေါက်တာ ဂျွန်ကေး (Dr. John Kaye) က ဗွီအိုအေကို ပြောခဲ့ပါတယ်။

“ဩစတြေးလျ တနိုင်ငံလုံးမှာရှိတဲ့ Greens ပါတီတွေဟာ မြန်မာပြည်က စီမံကိန်းကျကျ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အင်မတန် စိုးရိမ်နေကြပါတယ်။ မြန်မာ့ဒီမိုကရေစီ အရေးအတွက် တတ်နိုင်တဲ့ဘက်က ကူညီချင်ကြပါတယ်။ ဩစတြေးလျ အစိုးရ အနေနဲ့ မြန်မာနိုင်ငံရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကို ပစ်မှတ်ထားပြီး ပိတ်ဆို့ ဒဏ်ခတ်ဖို့ ဒီ New South Wales ပြည်နယ်က Greens ပါတီက ပထမဆုံး တိုက်တွန်းခဲ့တာပါ။ တခြားပြည်နယ်က Greens ပါတီလည်း မကြာခင် အချိန်တိုအတွင်း ပါလာလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။”

အရင်လ စက်တင်ဘာလ ၁၂ ရက်နေ့ကလည်း New South Wales ပြည်နယ်ရဲ့ အထက်လွှတ်တော် တရပ်လုံးက စစ်အစိုးရရဲ့ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းတွေကို ပစ်မှတ်ထားပြီး သြစတြေးလျ အစိုးရ အနေနဲ့ ပိတ်ဆို့ ဒဏ်ခတ်ရေးအတွက် စဉ်းစားပေးဖို့ တောင်းဆိုခဲ့ပါတယ်။

New South Wales ပြည်နယ် အထက်လွှတ်တော်မှာလည်း Green ပါတီက အဓိကပါဝင် ကိုယ်စားပြုထားတာ ဖြစ်ပါတယ်။ အဲဒီတုန်းက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်နဲ့ မတူဘဲ ဒီနေ့ New South Wales ပြည်နယ်က Greens ပါတီရဲ့ ကြေညာချက်ကတော့ အဲဒီထက် ပြင်းထန်တယ်လို့လည်း Greens ပါတီ လွှတ်တော်အမတ် ဒေါက်တာ ဂျွန်ကေးက ပြောခဲ့ပါတယ်။

“ကျနော်တို့ New South Wales ပြည်နယ် Greens ပါတီက ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေမှာ မဲခွဲဆုံးဖြတ်ပြီး ဒီနေ့ ထုတ်ပြန်တဲ့ ကြေညာချက်ဟာ အထက်လွှတ်တော်က ထုတ်ပြန်တဲ့ ကြေညာချက်ထက် ပိုပြီး ပြင်းထန်ပါတယ်။ စစ်အစိုးရရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းကို ပိတ်ဆို့ရေးအတွက် စဉ်းစားပေးရုံသာ မကဘဲ အမြန်ဆုံး ချက်ချင်းချမှတ် လုပ်ဆောင်ဖို့ တိုက်တွန်းထားတာပါ။”

အခုလို Greens ပါတီရဲ့ တိုက်တွန်းချက်ကြောင့် သြစတြေးလျ ပြည်ထောင်စု အစိုးရရဲ့ မူဝါဒရေးရာ ချမှတ်မှု အပေါ်မှာ ဘယ်လိုများ အကျိုးသက်ရောက်နိုင်မလဲ ဆိုတဲ့ မေးခွန်းကိုတော့ Greens ပါတီ အမတ် ဂျွန်ကေးက အခုလို ဖြေကြားခဲ့ပါတယ်။

“Greens ပါတီက အာဏာရပါတီ မဟုတ်ပါဘူး။ ကျနော်တို့ဟာ ပြည်ထောင်စု အစိုးရရဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ လူနည်းစုပါတီ ဖြစ်ပေမဲ့ ပြည်ထောင်စု အစိုးရဟာ သူတို့ ရပ်တည်နိုင်ဖို့ Greens ပါတီရဲ့ ထောက်ခံမှု လိုအပ်ပါတယ်။ ပစ်မှတ်ထား ပိတ်ဆို့ ဒဏ်ခတ်ရေးအတွက် Greens ပါတီတွင်း ထောက်ခံမှု များလာတာနဲ့အမျှ နိုင်ငံခြားရေးဝန်ကြီး ကယ်ဗင် ရပ်ဒ် (Kevin Rudd) နဲ့ ၀န်ကြီးချုပ် ဂျူလီ ဂေးလ်လာ့ဒ် (Julie Gillard) တို့ အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျရဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အနီးကပ် ပြန်လည်သုံးသပ်လာပြီး ပိတ်ဆို့ ဒဏ်ခတ်ရေးတွေ အစပြုလာနိုင်ပါတယ်။”

တဆက်တည်းမှာပဲ ဒေါက်တာ ဂျွန်ကေးက မြန်မာနိုင်ငံမှာ ရေနံတူးဖော် ရှာဖွေရေး လုပ်နေတဲ့ ဩစတြေးလျ ကုမ္ပဏီတွေထဲမှာ Twinza ကုမ္ပဏီဟာ အကြီးဆုံးဖြစ်ပြီး ဒီကုမ္ပဏီ တခုတည်းရဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုဟာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂,၅၀၀ လောက် ရှိတယ်လို့ ဆိုပါတယ်။

အခုလောလောဆယ် ဩစတြေးလျအစိုးရက မြန်မာစစ်အစိုးရကို ပိတ်ဆို့ ဒဏ်ခတ်ထားတဲ့မူမှာ မြန်မာစစ်အစိုးရနဲ့ တိုက်ရိုက် ထိတွေ့ ဆက်ဆံတာကိုပဲ ပိတ်ပင်ထားတာက အဓိကပါ။ အဲဒီထဲမှာ မြန်မာစစ်အစိုးရရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေ မပါဝင်ပါဘူး။ ဒါကြောင့်လည်း မြန်မာစစ်အစိုးရရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ဆိုင်ရာ လုပ်ငန်းတွေကို အဓိကထား ပိတ်ဆို့ ဒဏ်ခတ်ဖို့အတွက် သြစတြေးလျနိုင်ငံ New South Wales ပြည်နယ် Greens ပါတီက အခုလို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။


No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)