Sunday, October 31, 2010

မွန်ရွာသားနှစ်ဦး သေနတ်ထိမှန်သေဆုံး

မင်းချမ်း၊ ကောင်းဝါ

သီတင်းကျွတ်လကွယ် ၇ရက်။အောက်တိုဘာ ၃၀၊၂၀၁၀။

မင်းချမ်း(အောက်တိုဘာ-၃၀)။ ။ ဇီးဖြူတောင်ထိပ်တွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသော ဘုရားသုံးဆူနယ်စပ်မြို့နယ်ခွဲ ကျုံမိပြင်ရွာသားနှစ်ဦးအား ယခုလ(၂၈) ရက်နေ့၌ ရွာသားများသင်္ဂြိုလ်လိုက်ပြီဟု ရွာသားများထံမှသိရသည်။

သေဆုံးသူနှစ်ဦးမှာ နိုင်ယော့(၃၅)နှစ်နှင့် မိဟကန်း(၃၀)နှစ် မောင်နှမတော်စပ်သူနှစ်ဦးဖြစ်ကြပြီး မွန်တိုင်းရင်းသားများဖြစ်သည်ဟု သိရသည်။

အဆိုပါသေဆုံးနေသူအလောင်းများကို ယခုလ(၂၇)ရက်နေ့၊ မွန်းလွဲပိုင်း၌ ဇီးဖြူတောင်ထိပ်ရှိ ကားလမ်းဘေး၌ ရွာသားများရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

၎င်းတို့နှစ်ဦးမှာ ထိုနေ့နံနက်ပိုင်း၌ မီးသွေးဖုတ်ရန်ဇီးဖြူတောင်ပေါ်သို့ တက်ရောက်လာခြင်းဖြစ်သည်ဟု ရွာသားများက ပြောသည်။

မည်သည့်အဖွဲ့အစည်းလက်ချက်ဟု တရားဝင်ထုတ်ဖေါ်ပြောဆိုခြင်းမရှိသော်လည်း အဆိုပါရွာသားများက ကေအဲန်ယူ လက်ချက်ဖြစ်နိုင်သည်ဟု ယူဆပြောဆိုကြသည်။

“သူတို့နှစ်ယောက်အသတ်မခံရမီ မနေ့ကလိုပေါ့၊ ကေအဲန်ယူတပ်ရင်း(၁၆) ခွဲ(၃)က တပ်စိပ်တစ်စိပ် ကျုံမိပြင်ရွာကိုဝင်လာတယ်၊ အနန်းကွင်းကနေ တက်လာတဲ့ဗမာစစ်တပ်ကို ရွာအနီးကနေခြုံခိုပစ်ခတ်မယ်လို့ ပြောတော့ရွာသားတွေက သူတို့ရွာအနီးပစ်ခတ်တာတွေမလုပ်ဖို့ တောင်းပန်ကြတယ်၊ ဗမာစစ်တပ်နဲ့ရွာအနီးမှာတိုက်ပွဲဖြစ်ရင် ရွာပျက်သွားမှာပေါ့၊ ဒါနဲ့သူတို့ကိုအရက်တိုက်၊ ထမင်းကျွေး အတင်းတောင်းပန်ပြီး ညနေပိုင်းမှာ ဇီးဖြူတောင်ထိပ် ဂငယ်ကွေ့ကိုပို့လိုက်တယ်၊ ဇီးဖြူတောင်ပေါ်မှာ လက်နက်ကိုင်ဆိုလို့ ဒီတစ်ဖွဲ့ပဲရှိတယ်၊ အခြားအဖွဲ့တွေမရှိဘူး”ဟု အမည်မဖေါ်လိုသော ရွာသားတစ်ဦးပြောသည်။

အဆိုပါကေအဲန်ယူတပ်ဖွဲ့သည် ထိုည၌ဇီးဖြူတောင်ပေါ်၌အိပ်ခဲ့သည်ဟု လိုက်လံပို့ဆောင်ပေးသော ရွာသားတစ်ဦးထံမှ သိရှိရသည်။

“ပစ်ခတ်သူတွေနဲ့ အပစ်ခံရသူနှစ်ဦးက သိပ်မဝေးကြဘူး၊ အေကေကျည်ဆံခွံတွေအများကြီးတွေ့ရတယ်၊ M-79 ဗုံးသီးအခွံတစ်ခုလည်းတွေ့တယ်” ဟု အဆိုပါဖြစ်ရပ်ကိုစုံစမ်းနေသော ဘုရားသုံးဆူဒေသရှိ မွန်ပြည်သစ်ပါတီအရာရှိတစ်ဦး ပြောသည်။

အဆိုပါဖြစ်ရပ်စုံစမ်းချက်ဓါတ်ပုံ(၃၀) ပုံထက်မနည်း မွန်ပြည်သစ်ပါတီမှ မှတ်တမ်းတင်ရိုက်ကူးခဲ့သည်။

ထိုပစ်ခတ်မှုဖြစ်ပွားစဉ်တွင် ဇီးဖြူတောင်ခြေရင်း၌ ခမရ(၄၀၅) စစ်ကြောင်း(၁)အား အခြားကေအဲန်ယူ တပ်ဖွဲ့တစ်ဖွဲ့က ရှေ့ထွက်မိုင်းခွဲသဖြင့် မြန်မာစစ်ကြောင်းများ ပြန်လည်ပစ်ခတ်သည့်အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

အဆိုပါဖြစ်ရပ်များနှင့်ပတ်သက်၍ တပ်မဟာ(၆) ပြောခွင့်ရပုဂ္ဂိုလ် ဗဒိုစောထဲနေအား ဆက်သွယ်မေးမြန်းရာတွင် ယခုကိစ္စအား သူတို့မသိရကြောင်း ပြောသည်။

“ချောင်းဆုံရွာမှာရှိတဲ့ ဗမာစစ်ကြောင်း စစ်ကူလာမပေးနိုင်အောင် ကပ်တောင့်(Cut-out) တစ်ဖွဲ့ချထားတယ်၊ တောင်အောက်ကသေနတ်သံတွေကြားရတော့ ဒီကပ်တောင့်အဖွဲ့က နှင်းမကွဲတကွဲမှာ သူ့သတ်ကွင်းဝင်လာတဲ့ လှုပ်လှုပ်ရှားရှားအရာမှန်သမျှ မှားယွင်းပစ်ခတ်နိုင်တယ်၊ နောက်သိတော့လည်း မထူးတော့ဘူးဆိုပြီး အသေပစ်သတ်လိုက်တဲ့သဘောဖြစ်နေတယ်”ဟု ဘုရားသုံးဆူဒေသရှိ မြန်မာစစ်ရေးအကဲခတ်နေသူတစ်ဦး သုံးသပ်ပြောဆိုပါသည်။

ခမရ(၄၀၅) စစ်ကြောင်းသည် ဘုရားသုံးဆူမြို့နယ်ခွဲအတွက် ဆန္ဒမဲပြားများသယ်ဆောင်လာခြင်းဖြစ်သည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)