Thursday, October 7, 2010

ရဲစခန်းမှူး၏ ပစ်ခတ်မှုကြောင့် ရွာသားတဦး အပြင်းအထန် ဒဏ်ရာရ

06 Oct 2010 06:00 AM PDT
ခေတ်ပြိုင်


စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ကျေးရွာအုပ်စု ရဲစခန်းမှူးက စက်တင်ဘာ (၂၈) ရက် ညပိုင်းတွင် ရွှေကြက်သွန်ကျေးရွာသား လူငယ် (၁) ဦးအား အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခတ်သောကြောင့် ဒဏ်ရာအပြင်းအထန် ရရှိကာ ဆေးရုံတင်ထားရသည်။

ရဲစခန်းမှူး အောင်နိုင်မြင့်သည် တရားခံဖမ်းရန် ရွှေကြက်သွန် ကျေးရွာသို့ ၎င်း၏ တပည့်ရဲသား (၂) ဦးနှင့်အတူ ရောက်ရှိလာပြီး ရွာသားတဦးအား အရင်ဖမ်းဆီးကာ ကျေးရွာအတွင်းဝင်လာစဉ် ကိုအောင်မြင့်သိန်း အသက် (၂၃) နှစ်အား တွေ့ရှိပြီး အရက်မူးနေသည့် ရဲစခန်းမှူး အောင်နိုင်မြင့်က သေနတ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်လိုက်သည်ဟု သေနတ်ပစ်ခံရသူ၏ မိသားစုဝင်တဦးက ပြောသည်။

၎င်းက “ရဲတွေက စက်ဘီးခိုးသူ တရားခံတဦးကို ဖမ်းဖို့ဆိုပြီးလာတယ်။ တရားခံကို မမိဘူး။ အဲဒီချိန်မှာ ရွာထဲကပဲ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေတဲ့ ဖိုးဇော်ကို တွေ့ပြီး မသင်္ကာလို့ဆိုပြီး ဖမ်းလာတယ်။ နောက်ပြန်လက်ထိတ်ခတ်ပြီး ခေါ်လာတုန်း အောင်မြင့်သိန်းနဲ့ သူ့မိန်းမ မြတ်နှင်းက သူတို့ မိဘအိမ်သွားလည်ဖို့ ထွက်လာတဲ့ခါမှာ တွေ့တာ။ ည (၈) နာရီ ကျော်ကျော်လောက်မှာ ဖြစ်တာ။ အဲဒီခါမှာ တွေ့ပြီ ဒီကောင်ပဲဆိုပြီး ဖမ်းမယ်လုပ်တော့ ရွာလူကြီးတွေက တားသေးတယ်။ ကိုအောင်မြင့်သိန်းကလည်း ဘာမှ မလုပ်မိကြောင်း ပြောတယ်။ အဲဒီလိုတားတဲ့ကြားကပဲ အရက်မူးနေတော့ ပြောတာ ဂရုမစိုက်ဘဲ စခန်းမှူးက သူ့ခြောက်လုံးပြူးနဲ့ ပစ်လိုက်တာ။ ကိုအောင်မြင့်သိန်းရဲ့ ချက်ဘေးကနေ ကျည်ဝင်သွားတယ်” ဟု ပြောသည်။

အခင်းဖြစ်ဖြစ်ချင်း သေနတ်မှန်ထားသူအား ရွာပြင်သို့ ဒရွတ်တိုက်ဆွဲခေါ်ထုတ်ရန် ရဲသားများက ကြိုးစားနေစဉ် ဇနီးသည် မမြတ်နှင်းက အော်ဟစ် အကူအညီတောင်းသဖြင့် ကျေးရွာသားများ ရောက်ရှိလာကာ သေနတ်ဒဏ်ရာ ရရှိထားသူ ကိုအောင်မြင့်သိန်းအား ဆားလင်းကြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ဆားလင်းကြီး မြို့နယ်ရဲစခန်းတွင် အမှုတိုင်ချက်ဖွင့်ထားခဲ့ကြောင်းနှင့် ယခုအခါ ရဲစခန်းမှူး အောင်နိုင်မြင့်ကို စစ်ဆေးနေပြီး ဖမ်းဆီးခြင်း မရှိသေးကြောင်း အဆိုပါ မိသားစုဝင်က ပြောသည်။

၎င်းက “ဝင်နေတဲ့ကျည်ကို ထုတ်တာ ပထမ ဗိုက်ခွဲတယ်။ မရဘူး။ နောက်ဘက် မြီးညှောင့်ရိုးဘက်ကနေ ပြန်ခွဲမှ တင်ပါးမှာ ကျည်တွေ့တယ်။ အခု အောင်မြင့်သိန်းက ထမင်းမစားနိုင်ဘူး။ မစင်သွားတဲ့လမ်းကြောင်းလည်း ဖောက်ထားရတယ်။ အူကဖြတ်ထားရတယ်၊ ကျင်ကြီးသွားလို့မရဘူး။ ပထမတော့ ဆေးဖိုးဝါးခ မပေးဘူးလုပ်နေလို့ ဒီဘက်ကလည်း မြို့နယ်ရဲစခန်းမှာ တိုက်ချက်ဖွင့်တာတွေ လုပ်တော့ ဆေးဖိုးဝါးခ သူတို့ အကုန်အကျခံမယ်ဆိုပြီး စခန်းမှူး မိန်းမ လာပြောတယ်။ အခုတော့ စခန်းမှူးကို မြို့နယ်ရဲကနေ လာစစ်နေတယ်။ ရွာမှာလည်း လာစစ်တယ်။ သူ့ကို အခုချိန်ထိ ဖမ်းတာ မရှိသေးဘူး” ဟု ပြောသည်။

ကျားတက်ကျေးရွာအုပ်စု ရဲစခန်းမှူး အောင်နိုင်မြင့်နှင့်အဖွဲ့သည် အရပ်ဝတ်ဖြင့် ရွာသို့ ဝင်လာကြရာတွင် ရွာလမ်းမကြီးအတိုင်း မလာဘဲ ရွာဘေးပတ်ကာ နေအိမ်ခြံများတိုးပြီး ဝင်လာသကဲ့သို့ အရက်မူးပြီး အပြစ်မရှိသူ ရွာသားတဦးကို ဖမ်းဆီးကာ တဦးကို သေနတ်နှင့်ပစ်သည်အထိ လုပ်ဆောင်မှုအပေါ် ကျေးရွာသားများက မကျေမနပ်ဖြစ်ကာ ရဲစခန်းမှူးအား အပြစ်ပေးအရေးယူပေးရန် ခရိုင်၊ တိုင်း၊ နေပြည်တော် အဆင့်ဆင့်အထိ တိုင်ကြားသွားရန် ဆန္ဒရှိနေကြကြောင်း သိရသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)