Sunday, November 21, 2010

မန္တလေး အိမ်တော်ရာ ဘုရားဝင်း ဗုံးကွဲ၊ နှစ်ဦး ဒဏ်ရာရ

စိုင်းဇွမ်ဆိုင်း Saturday, 20 November 2010


ယနေ့နံနက် ၇ နာရီခန့်တွင် မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ် အိမ်တော်ရာ ဘုရားဝင်းအတွင်း၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားသော ကြောင့် အမျိုးသားနှစ်ဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ယင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း အတည်ပြုပေးသော်လည်း အသေးစိတ်အချက်အလက်များ ဖြေဆို ရန်ငြင်းဆန်သည်။ သောင်းကျန်းသူ အဖွဲ့အစည်းများက လေ့ကျင့်ပေးထားသည့် ယူဂျီများက နိုင်ငံတော် မငြိမ်မသက် ဖြစ်စေရန် ရည်ရွယ်၍ ခွဲခြင်းဖြစ်သည်ဟု ယူဆရကြောင်းလည်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူး ရုံးက ဧရာဝတီသို့ ပြောသည်။

ပေါက်ကွဲသည့်ဗုံးကြောင့် ဘုရားဝေယျာဝစ္စ ပြုလုပ်နေသူ ဂေါပကအဖွဲ့ဝင် တဦးနှင့် တခြားအမျိုးသားတဦး ထိခိုက်ဒဏ်ရာ ရရှိ ကြောင်း အိမ်တော်ရာဘုရား ဂေါပကအဖွဲ့ဝင် လူကြီးတဦးက ပြောဆိုသည်။

“ဘုရား ဝေယျာဝစ္စလုပ်နေရင်း ဖြစ်သွားတာဆိုတော့ မျက်နှာနဲ့ လက်ကိုထိသွားတယ်၊ လက်က အရိုးပေါ်သွားတယ်။ မန္တလေး ဆေးရုံကြီးကို ပို့ထားတယ်။ ပေါက်ကွဲမှု ဖြစ်ပြီးချင်းတော့ ဘုရားဝင်းကို ပိတ်ထားတယ်။ အခုတော့ ပုံမှန်အတိုင်း ဝင်ထွက်လို့ ရနေပါပြီ”ဟု ဘုရားဂေါပက တဦးက ပြောသည်။

အိမ်တော်ရာ ဘုရားဝင်းအနီးတွင် နေထိုင်သူတဦးက“ဒေါ်အောင်ဆန်းစုကြည် မန္တလေးကိုလာမယ်ဆိုတဲ့ သတင်းလည်း ထွက်နေ တော့ လူတွေကို လူစု လူဝေး မဖြစ်အောင်ကြိုတင်ပြီး ခြောက်လန့် ဟန့်တားလိုက်တာလို့ ကျနော်မြင်တယ်”ဟု ဆိုသည်။

မန္တလေးမြို့တွင်း၌လည်း လွန်ခဲ့သော ၃ ရက်ဝန်းကျင်ခန့်မှစပြီး ဗုံးလန့်ခြင်း၊ ဗုံးပေါက်ကွဲမည်ဆိုသော သတင်းများ လူထုအတွင်း ပျံ့နှံ့လျက်ရှိခြင်းများ ဖြစ်ပေါ်နေကြောင်း အိမ်တော်ရာ ဘုရားအနီးနေထိုင်သူက ပြောဆိုသည်။

ယမန်နေ့ထုတ် အစိုးရသတင်းစာတွင် နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်း၌ တာဝန်သိပြည်သူတဦး၏ သတင်းပေးမှုကြောင့် ရန်ကုန်မြို့ City Star ဟိုတယ် အောက်ထပ်ရှိ Star Net အင်တာနက်ဆိုင်အတွင်း အကြမ်းဖက်အဖျက်သမားများ ထောင်ထား သည့် ချိန်ကိုက်မိုင်းလေးလုံးကို သက်ဆိုင်ရာမှ အချိန်မီ ရှင်းလင်းဖယ်ရှားနိုင်ခဲ့သည်ဟု ရေးသားထားသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)