Wednesday, November 24, 2010

ကေအိုင်အေကို ထိန်းချုပ်ရန် နအဖ စီစဉ်နေသလော

Tuesday, 23 November 2010 21:21 သျှမ်းသံတော်ဆင့်

ကချင်ပြည်နယ်အတွင်းရှိ ကချင်ပြည်လွတ်လပ်ရေးတပ်မတော် (KIA) တပ်များ အခြေပြုရာ နေရာတစ်ဝိုက်သို့ လွန်ခဲ့သည့် တစ်ပတ်ခန့်မှ စ၍ နအဖစစ်တပ်များ ချဉ်းကပ်လှုပ်ရှားလာကြောင်း သိရသည်။


မြောက်ပိုင်းတိုင်း လက်အောက်ခံ တပ်များက KIAတပ်များ လှုပ်ရှားရာ ဧရာဝတီမြစ်အရှေ့ဘက်ကမ်း တစ်ကြောနှင့် ဟူး ကောင်းချိုင့်ဝှမ်း ဒေသများအတွင်း နေရာယူလှုပ်ရှားနေကြောင်း  စစ်ဘက်သတင်းရပ်ကွက်တစ်ခုက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

မိုးမိတ်မြို့ စစ်ဗျူဟာ လက်အောက်ခံ တပ်ရင်း ၄ ရင်းသည် ဆင်ဘိုလမ်းခွဲ နမ့်ငွန်းချောင်းတစ်ဝိုက်နှင့်  ဗန်းမော်မြို့ အခြေ စိုက် စကခ ၂၁ လက်အောက်ခံ တပ်များက ဗန်းမော် နှင့် မံစီမြို့နယ်များအတွင်း လှုပ်ရှားနေသည်ဟု ဆိုသည်။

“မိုးမိတ်ဗျူဟာအောက်က တပ်ရင်း ၄ ရင်းပေါ့ လွန်ခဲ့တဲ့ ၅ ရက်လောက်ကတည်းက ဆင်ဘိုလမ်းခွဲ နမ့်ငွန်းချောင်း တစ်လျှောက်မှာ ကာထားတယ် ဗျူဟာမှူးလာဖို့ လုံခြုံရေးယူသလိုလို တပ်ချိန်းသလိုလိုနဲ့ အခုထိ မဆုတ်သေးဘူး နောက် စကခ ၂၁ အောက်က တပ်တွေကလည်း ဗန်းမော် မံစီတစ်ကျော ပိုက်စိပ်တိုက်ကာထားတယ်” ဟု သူက ဆိုသည်။

ထို့အပြင် မိုးကောင်း အခြေစိုက် စကခ (၃) လက်အောက်ခံတပ်များက KIA တပ်မဟာ ၂ နယ်မြေအနီး တနိုင်းနှင့် ဟူးကောင်းချိုင့်ဝှမ်း အတွင်း လှုပ်ရှားနေသည်ဟု ဆိုသည်။

“ကေအိုင်အေ တပ်မဟာ ၂ ဘက် တစ်ကြောလည်း စကခ (၃) အောက်က တပ်တွေ အကုန်ကာတဲ့ သဘောမှာ ရောက် နေတယ် တနိုင်း ၊ ဟူးကောင်းဂွင်ပေါ့ ကင်းပုန်းဝပ်ထားတယ်လို့ ကြားတယ် ”
လို့ ဆိုသည်။

နအဖ၏ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို ကေအိုင်အိုက  လက်မခံသဖြင့် နအဖစစ်တပ်နှင့်ကေအိုင်အိုတို့အကြား နှစ်ဘက် ဆက်ဆံရေး ပြတ်တောက်လုနီးနီး ဖြစ်နေရာ နိုဝင်ဘာလ ၁၄ ရက်နေ့က သျှမ်းပြည် (မြောက်ပိုင်း) အခြေစိုက် ကေ အိုင်အေ တပ်မဟာ ၄ လက်အောက်ခံ တပ်ဖွဲ့တစ်ခုနှင့် စစ်တပ်ကျောထောက်နောက်ခံ ပြုထားသည့် ပန်းဆေး ပြည်သူ့ စစ်အဖွဲ့တို့ နမ့်ဖတ်ကာမြို့နယ်အတွင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့သည် ဆိုသည့် အတည်မပြုနိုင်သည့် သတင်းထွက်ပေါ် လာသေးသည်။

၎င်းဖြစ်ရပ်နောက်ပိုင်း ကချင်ပြည်နယ်အတွင်း နအဖတပ်များ ပိုမိုလှုပ်ရှားလာရာ ကေအိုင်အေ တပ်ဖွဲ့များကို ထိန်းချုပ်ရန် ဖြစ်ဖွယ်ရှိသည်ဟု စစ်ဘက်နှင့်နီးစပ်သူက သုံးသပ်ပြောဆိုသည်။

“သျှမ်းမြောက်မှာ ပစ်ခတ်မှုဖြစ်တယ်ဆိုပြီး သတင်းထွက်လာတယ်လေ အဲဒီနောက်ပိုင်း ကေအိုင်အိုကို စချုပ်တဲ့ သဘော သက်ရောက် နေတယ် သျှမ်းမြောက်နဲ့ ကချင်ပြည်နယ်ကို ကာထားတဲ့ပုံစံမျိုးပေါ့ ”
ဟု သူက ဆိုသည်။

လတ်တလော ကေအိုင်အို ဋ္ဌာနချုပ်ရှိရာ တရုတ်နယ်စပ်အနီးရှိ လိုင်ဇာမြို့တွင်လည်း စီးပွားရေးလုပ်ငန်းများ အခြေအနေ သိပ်မကောင်းကြောင်း မြို့ခံလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

၁၉၉၄ ခုနှစ်က ကေအိုင်အိုနှင့်နအဖတို့ အပစ်အခတ်ရပ်ဆဲရေး ပြုလုပ်ပြီးနောက်ပိုင်း  ကချင်ပြည်နယ်အတွင်း ဖွင့်လှစ် ထားသည့် ကေအိုင်အို ဆက်ဆံရေးရုံးများ ရုပ်သိမ်းရန် စစ်အစိုးရက နိုဝင်ဘာလဆန်းပိုင်းက ညွန်ကြားခဲ့ရာ မြစ်ကြီးနားမြို့ ဆက်ဆံရေးရုံးနှင့် ဘူးဂါးကုမ္ပဏီရုံးတို့မှလွဲ၍ ကျန်ရုံးအားလုံးကို ကေအိုင်အိုက ပြန်လည်ရုပ်သိမ်းတော့မည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)