ရန်ကုန် တာမွေမြို့နယ်ရဲစခန်းတွင် သံဃာတော်တပါးကို ဗုံးတွေ့ရှိမှုနှင့်စပ်လျဉ်းကာ မသင်္ကာမှုဖြင့် ဖမ်းဆီး စစ်ဆေးနေကြောင်း သတင်းရရှိသည်။
တာမွေမြို့နယ် တာမွေကလေးရပ်ကွက် လေးထောင့်ကန်လမ်းပေါ်ရှိ Happy Now အင်တာနက်ဆိုင်တွင် နိုဝင်ဘာ ၂၆ ရက် ညနေ ၆ နာရီခန့်တွင် ဗုံးတွေ့သည်ဆိုကာ စစ်ကား ၂စီးနှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ လာရောက်ခဲ့ပြီးနောက် သံဃာတော်ကို ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ကြောင်း တာမွေရဲစခန်းနှင့် နီးစပ်သူတဦး က ဧရာဝတီသို့ ပြောသည်။
“ဧရာဝတီတိုင်းဘက်က ဦးက္ကုန္ဒောဘာသဆိုတဲ့ သံဃာတော်တပါးပဲ။ သူက အဲဒီအင်တာနက်ဆိုင်မှာ ၀င်သုံးခဲ့ ပြီး အိတ်ကလည်း မေ့ကျန်ခဲ့တော့ အဲဒီအိတ်ကနေတဆင့်လိုက်တာ။ အိတ်ထဲမှာတော့ လက်နှိပ် ဓါတ်မီး ၊ သင်္ကန်းနဲ့ တခြားအသုံးအဆောင်ပစ္စည်းတချို့ရယ်ပဲပါတယ်လို့ သိရပါတယ်”ဟု ၄င်းက ပြော သည်။
နိုဝင်ဘာ ၁၇ ရက်နေ့ ညနေပိုင်းကလည်း ရန်ကုန်မြို့ ကျောက်တံတား မြို့နယ်ရှိ City Star ဟိုတယ် အောက် ထပ်ရှိ Star Net အင်တာနက် ဆိုင်၌ ချိန်ကိုက်မိုင်း ၄ လုံး တွေ့ရှိခဲ့သည်။
ယခုကဲ့သို့ အင်တာနက်ဆိုင်များတွင် ဗုံးတွေ့ရှိနေမှုနှင့်စပ်လျဉ်း၍ ရန်ကုန်မြို့ခံတဦးက “ပြီးခဲ့တဲ့ အောက် တိုဘာလကုန်ပိုင်းကတည်းက ပြည်ပက တိုက်ခိုက်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အင်တာ နက်ကော်နက် ရှင်တွေကျတယ်။ စီးပွားရေးလုပ်ငန်းတွေ က ထိခိုက်လို့ အော်လာတော့ နည်းနည်း ပြန်ကောင်းလာတယ်။ အခု အင်တာနက်ဆိုင်တွေမှာ ဗုံးတွေ့တယ်ဆိုတဲ့ အသံတွေ ထွက်လာတယ်ဆိုတော့ အစိုးရက အင်တာနက် သုံးစွဲပြီး ပြည်ပကို သတင်းပေါက်ကြားမှုတွေကို ထိန်းချုပ်နိုင်ဖို့ တဘက်လှည့်နဲ့ လုပ်နေတယ်ထင်ပါတယ်”ဟု သုံးသပ်ပြောဆိုသည်။
ယခုဗုံးတွေ့ရှိမှုနှင့်စပ်လျဉ်း၍လည်း နအဖ မီဒီယာများက ဖော်ပြခြင်းမရှိသေးပေ။

Source: ဧရာဝတီ Blog
No comments:
Post a Comment