Thursday, November 18, 2010

မယ်တော် ဆေးခန်း ပြောင်းရွှေ့မည်

သန်းထိုက်ဦး Wednesday, 17 November 2010 18:00


ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် လက်ရှိ ဖွင့်လှစ်ထားသော မယ်တော် ဆေးခန်းကို ငွေကြေး အခက်အခဲကြောင့် တခြား တနေရာသို့ ပြောင်းရွှေ့ရန် အစီအစဉ် ရှိကြောင်း ဒေါက်တာ စင်သီယာမောင်က ဧရာဝတီသို့ ပြောသည်။


“ကျမတို့ ကိုယ်တိုင်က ရွှေ့ချင်တာ၊ ကိုယ်ငွေရေး ကြေးရေး အဆင်ပြေတဲ့ အချိန်၊ ကိုယ့်ဘက်က အဆင်သင့် ဖြစ်တဲ့အခါ ရွှေ့ မယ်”ဟု ၎င်းက ဆိုသည်။ သို့သော် ပြောင်းရွှေ့ရမည့် အချိန် အတိအကျကိုမူ မသိရှိရသေးပေ။

“နေရာ အသစ်ကတော့ ကျမတို့ တခါတည်းနဲ့တော့ အဆင်ပြေမှာ မဟုတ်ဘူး၊ တဆင့်ချင်း တဆင့် စဉ်းစားသွားရမယ်”ဟု ဒေါက်တာ စင်သီယာမောင်က ဆက်ပြောသည်။

ဒေါက်တာ စင်သီယာမောင်၏ လုပ်ဖော် ကိုင်ဖက်များ အဆိုအရ မယ်တော် ဆေးခန်းကို နိုင်ငံတကာ အဖွဲ့အစည်းများက ပုံမှန် ပေးနေသည့် ငွေကြေး ထောက်ပံ့မှုများ ဖြတ်တောက်ခံရသောကြောင့် ဖြစ်သည်ဟု သိရသည်။

“ဆရာမကို ထောက်ပံ့နေတဲ့ အဖွဲ့ အစည်းတွေက ရာခိုင်နှုန်း ဖြတ်ချလိုက်တယ်၊ ဥပမာ အရင် တုန်းက ၁၀၀ ရာခိုင်နှုန်းပေး တယ်ဆိုရင် ၈၀ ရာခိုင်နှုန်း ၇၀ ရာခိုင်နှုန်းလောက်ပဲ ကျန်တယ်၊ အားလုံး ဖြတ်တာတော့ မဟုတ်ဘူး”ဟု ဒေါက်တာ စင်သီ ယာမောင်နှင့် နီးစပ်သူ တဦးက ပြောသည်။

ဆေးခန်းကို ကူညီထောက်ပံ့ပေးသော အဖွဲ့အစည်းများမှာ အမေရိကန် အစိုးရ၏ အဖွဲ့အစည်း (USAID)၊ နော်ဝေ၊ ဆွီဒင်၊ နယ်သာလန်၊ ကနေဒါ၊ အီတလီ နိုင်ငံ စသည့်နိုင်ငံများ ပါဝင်ကြောင်း သိရသည်။

လွန်ခဲ့သည့် ၂ နှစ်ခန့်က စတင်၍ ပြည်ပရောက် အဖွဲ့အစည်းတချို့ကို ငွေကြေးထောက်ပံ့ပေးနေသော အလှူရှင် နိုင်ငံများက မြန်မာ ပြည်တွင်းရှိ နိုင်ငံတကာ လူမှု အထောက်အကူပြု အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော(NGO)များ မှတဆင့် ကူညီ ထောက်ပံ့ပေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းများအရ သိရသည်။

ဒေါက်တာ စင်သီယာမောင်က“အလှူရှင်တွေက သူတို့ရဲ့ပေးတဲ့သက်တမ်းပေါ်မှာ မူတည်တယ်၊ သက်တမ်း ကုန်သွားတဲ့ အလှူ ရှင်ကလည်း တချို့ရုပ်သိမ်းတာ ရှိတယ်၊ အဟောင်းတွေ ထွက်သွားလိုက် အသစ်တွေ ၀င်လာလိုက် ဒီလိုပဲ လည်ပတ်နေရတာ ပေါ့”ဟု ၎င်းက ပြောသည်။

မယ်တော် ဆေးခန်းကို ဒေါက်တာ စင်သီယာမောင်က ၁၉၈၉ ခုနှစ်အတွင်း စတင် တည်ထောင်ခဲ့ပြီး မြန်မာပြည်တွင်းနှင့် ထိုင်း နိုင်ငံရှိ မြန်မာ ပြည်သားများ ကို မည်သည့် ရောဂါမဆို အခမဲ့ ဆေး ကုသပေး နေသည့် ဆေးခန်းဖြစ်သည်။

မယ်တော် ဆေးခန်းမှ ဒေါက်တာ သီဟမောင်က“အခုလို အလှူငွေတွေ လျှော့ခံရတာကို ကျနော့် အနေနဲ့ စိတ်မကောင်းပါဘူး၊ အဲဒီလို လျှော့လိုက်ခြင်းက ဆေးခန်းကို ထိခိုက်ရုံတင် မကဘူး၊ ဆေးခန်းကို မှီခိုနေရတဲ့ လူနာတွေပါ ဒုက္ခရောက်ရတယ်၊ ငွေရေးကြေးရေး မလိုက်နိုင်တော့ဘူး ဆိုရင် လုပ်ရတဲ့ အလုပ်တွေလည်း တွင်ကျယ်မှာ မဟုတ်ဘူး”ဟု ပြောသည်။

မယ်တော်ဆေးခန်းကို ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် အပါအ၀င် မြန်မာပြည် အထက်ပိုင်းရှိ မျက်စိဝေဒနာရှင်များလည်း လာ ရောက် ပြသ ကြကြောင်း ၎င်းက ဆိုသည်။

ကရင်ပြည်နယ်ရှိ ဘားအံ၊ လှိုင်းဘွဲ့၊ သင်္ကန်း ညီနောင်၊ ကော့ကရိတ်၊ မော်လမြိုင်၊ သထုံ၊ ပေါင် ၊ မုတ္တမ၊ ဘီးလင်း၊ မြိတ်၊ ထား ဝယ်၊ ပဲခူးတိုင်း တောင်ငူ၊ ဧရာဝတီတိုင်း ပုသိမ်၊ အထက် မြန်မာပြည်မှ ရွှေဘို စသည့် ဒေသခံများက ယင်း ဆေးခန်းသို့
လာရောက် ကုသကြကြောင်း သိရသည်။

“မယ်တော် ဆေးခန်းဟာ မြန်မာပြည်သား တိုင်းရင်းသားတွေ အတွက် အများကြီး အထောက်အကူဖြစ်တဲ့ လူမှု အခြေပြု အဖွဲ့ အစည်းတခု ဖြစ်တယ်လို့ ကျနော်မြင်ပါတယ်”ဟု ဒေါက်တာ သီဟမောင်က ပြောဆိုသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)