ဧရာဝတီ Saturday, 06 November 2010
တခါသုံး FEC ၅၀ တန် ဖုန်းကတ်များနှင့် ကျပ် ၅ သိန်းတန် Prepaid ကတ်များကို ယမန်နေ့မှ စတင်၍ ဦးတေဇ၏ ထူးကုမ္ပဏီ လက်အောက်မှ Central Marketing ကုမ္ပဏီက ၃ ရက် အရောင်းပိတ် လိုက်ကြောင်း သိရသည်။
“လက်လီဆိုင်လေးတွေ ကတော့ ရောင်းရင် ရောင်းလိမ့်မယ် မူရင်း ဖြန့်တဲ့ ကုမ္ပဏီနဲ့ e – light အရောင်းစင်တာရယ်၊ ဆိုင်ခွဲတွေရယ်ကို အရောင်းပိတ်မှာပါ” ဟု အဆိုပါ ကုမ္ပဏီ ဝန်ထမ်းတဦးက ပြောသည်။
တခါသုံး ဖုန်းကတ်များနှင့် ၅ သိန်းတန်ဖုန်း Prepaid ကတ် များကို အရောင်း ပိတ်လိုက်ခြင်းသည် ရွေးကောက်ပွဲကာလ သတင်း စီးဆင်းမှုကို ဖြတ်တောက်သည့် လုပ်ရပ်တခုဖြစ်ကြောင်း ရန်ကုန်အခြေစိုက် သတင်းဂျာနယ်တစောင်မှ အယ်ဒီတာ တဦးက ပြောသည်။
“FEC ၂၀ တန်ဖုန်းတွေလည်း မရောင်းတော့ဘူး၊ ၅၀ တန်ဖုန်းလည်း အရောင်းပိတ်လိုက်တယ် ဆိုတော့ ရွေးကောက်ပွဲ ကာလ ဆက်သွယ်မှု ဖြတ်တောက်တာပါ။ ၅ သိန်းတန် ဖုန်းကလည်း ကြိုတင်ထည့်ထားတဲ့ ပိုက်ဆံ ကုန်နေရင် ဖုန်းအဝင်တောင် အရမ်းခက်တယ်။ တခါတလေ ရတောင် မရဘူး။ ကြို ပြောမထားဘဲ ဖြတ်လိုက်တော့ ပိုက်ဆံ ထည့်မထားမိဘူး” ဟု ရန်ကုန် အခြေစိုက် သတင်းထောက် တဦးက ဆိုသည်။
ကျပ် ၅ သိန်းတန်ဖုန်းအတွက် CDMA ဟန်းဆက် သုံးရကြောင်း၊ နံပါတ် အသေတခု ရရှိရန် ကျပ် ၅ သိန်း ပေးသွင်းရပြီး ဖုန်းခေါ်ဆိုရန် Prepaid Card ဝယ်ယူ၍ ငွေဖြည့်ရကြောင်း သိရသည်။
ထို Prepaid Card တန်ဖိုးမှာ ကျပ် ၁ သောင်းတန်မှ ၃ သောင်း တန် အထိ ရှိပြီး တမိနစ် ခေါ်ဆိုခ ၂၅ ကျပ် ဖြတ်ယူ ကြောင်း၊ နိုင်ငံခြားသို့ Miss Call ပေးလိုပါက FEC စာရင်းဖွင့်ရကြောင်းနှင့် အနည်းဆုံး FEC ၁၀ ထည့်သွင်းရကြောင်း ဆက်သွယ်ရေး ဝန်ထမ်းတဦးက ရှင်းပြသည်။
ကျပ် ၅ သိန်းတန် ဖုန်းများတွင် FEC ဖြင့် ကြိုတင်ငွေ ပေးချေ မထားပါက ပြည်ပသို့ Miss Call ပေး၍ မရကြောင်း သူက ဆက်ပြောသည်။
ရွေးကောက်ပွဲ မတိုင်မီ အင်တာနက် လိုင်းများကို လုံးဝနီးပါး ဖြတ်တောက်ပြီးနောက် ယခုအခါ တယ်လီဖုန်း ဆက်သွယ်မှုများ ကိုလည်း တတ်နိုင်သလောက် လိုက်လံ ဖြတ်တောက်ခြင်း ဖြစ်သည်။
FEC ၂၀ တန် ဖုန်းကတ်များကို လုံခြုံရေး စိတ်မချရသောကြောင့်ဟု ဆိုကာ ဖျက်သိမ်းရန် ညွှန်ကြားခဲ့ပြီးနောက် လက်ကျန် ဖုန်းကတ်များကိုလည်း ဝယ်ယူ၍ မရတော့ကြောင်း အသုံးပြုသူများထံမှ သိရသည်။
လက်ရှိ တယ်လီဖုန်းကတ် လက်လီ အရောင်း ဆိုင်များတွင် လက်ကျန် ဖုန်းကတ်များကို FEC ၅၀ တန် အတွက် ကျပ် ၆ သောင်း၊ ၇ သောင်း စသည်ဖြင့် ဈေးတိုးမြှင့် ရောင်းချနေကြောင်း အသုံးပြုသူများက ပြောသည်။
FEC ၂၀ တန် ကတ်များနှင့် FEC ၅၀ တန် သည် ဈေးနှုန်းသက်သာခြင်း၊ နံပါတ်အရှင်ဖြစ်သောကြောင့် သုံးစွဲသူများ လုံခြုံရေး စိတ်ချရခြင်းတို့ကြောင့် တခါသုံးဖုန်းကတ်ကို သုံးစွဲသူများကြောင်း သူက ပြောသည်။
ထို့အပြင် တယ်လီဖုန်း ဆက်သွယ်ပြောဆိုမှုများ ထိန်းချုပ်ရန် ရည်ရွယ်ချက်ဖြင့် နိုဝင်ဘာ ၁ ရက်နေ့မှ စတင်ပြီး အော်တို တယ်လီဖုန်း (ကြိုးဖုန်း) ဖြင့် နယ်အဝေး ခေါ်ဆိုခကို ၁ မိနစ် ၁၅ ကျပ်မှ ၂၅ ကျပ်သို့ တိုးမြှင့်ခဲ့သည်။
No comments:
Post a Comment