Friday, November 5, 2010

တစည ကိုယ်စားလှယ်လောင်း ဆိုင်ကယ်ဖြင့် အတိုက်ခံရ

ဆက်လင်း Thursday, 04 November 2010 19:38

နေပြည်တော်ခရိုင် ဇမ္ဗူသီရိမြို့နယ်တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ (တစည) ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်အေးသည် မင်္သကာဖွယ်ရာ ဆိုင်ကယ် အတိုက်ခံရမှုကြောင့် မဲဆွယ်မှုများ ဆက်မလုပ်နိုင်တော့ကြောင်း သတင်းရရှိသည်။

ပျဉ်းမနားမြို့နယ်တွင်နေထိုင်သူ အသက် ၇၀ ကျော်အရွယ်ရှိ ဦးကျော်အေးသည် အောက်တိုဘာလ ၂၉ ရက်နေ့ ညနေပိုင်း တွင် ပါတီရုံးမှ မိတ်ဆွေတဦးမောင်းနှင်သော ဆိုင်ကယ်နောက်တွင် ထိုင်ပြီးလိုက်လာစဉ် အမည်မသိ ဆိုင်ကယ်သမားတဦးက နောက်မှ ဆိုင်ကယ်ဖြင့်ဝင်တိုက်ပြီး မောင်းပြေးသွားခဲ့သည်ဟု သိရသည်။

ဦးကျော်အေးသည် ဇမ္ဗူသီရိမြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ဥက္ကဋ္ဌ ဝန်ကြီးချုပ် ဦးသိန်းစိန် နှင့် ပြည်သူ့လွှတ်တော်အတွက် ယှဉ်ပြိုင်မည့် တဦးတည်းသော ပြိုင်ဘက် ကိုယ်စားလှယ်ဖြစ်သည်။

ဆိုင်ကယ်အတိုက်ခံရမှုကြောင့် ဦးကျော်အေးမှာ လက်နှင့် ဦးခေါင်းတို့တွင် ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပြီး မဲဆွယ်စည်းရုံးရေး လုပ်ငန်းများကို ဆက်လက်မလုပ်ကိုင်နိုင်တော့ကြောင်း တစညပါတီဝင်တဦးက ပြောသည်။

ဝင်တိုက်သူကို ယခုအထိ မသိရသေးသော်လည်း ပြိုင်ဘက်ပါတီ၏ လုပ်ရပ်ဖြစ်သည်ဟု ဒေသခံများက စွပ်စွဲပြောဆိုမှုများ ရှိကြောင်း သိရသည်။

“တကယ်ပြိုင်ရမှာက ဇမ္ဗူသီရိမြို့နယ် တခုပဲရှိတယ်။ အဲဒါကြောင့် သူတို့ရဲ့ ပြိုင်ဘက်ကို ဒုက္ခပေးတာဖြစ်လိမ့်မယ်”ဟု ၀န်ကြီးဌာနတခုတွင် စားသောက်ဆိုင်ဖွင့်လှစ်ထားသူ ပျဉ်းမနားမြို့ခံတဦးက ဆိုသည်။

နေပြည်တော်ရှိ မြို့နယ်များအနက် ဇမ္ဗူသီရိမြို့နယ်တွင်သာ စစ်ရုံးချုပ်နှင့် တခြားစစ်တပ်မှ ၀န်ထမ်းအများစု နေထိုင်ကြောင်း၊ ဥတ္တရသီရိ၊ ဒက္ခိဏသီရိနှင့် ပုဗ္ဗသီရိမြို့နယ်တို့တွင် မြေကွက်များသာ သတ်မှတ်ထားပြီး လူနေထိုင်မှုနည်းပါးကြောင်း ဒေသခံ များက ပြောသည်။

နေပြည်တော်ခရိုင်ရှိ ဇမ္ဗူသီရိ၊ ဇေယျာသီရ၊ ဥတ္တရသီရိ၊ ဒက္ခိဏသီရီ၊ ပုဗ္ဗသီရိ၊ ပျဉ်းမနား၊ လယ်ဝေး မြို့နယ် ၈ မြို့နယ်တွင် မဲပေးနိုင်သည့် လူဦးရေ ၆ သိန်းကျော်ရှိပြီး မဲရုံပေါင်း ၂၀၀ ကျော် ရှိမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ကြေညာထားကြောင်း သိရသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)