Thursday, November 18, 2010

အပစ်ရပ်နယ်မြေအတွင်း နအဖတပ်များ ကိုယ်ယောင်ဖျောက်

Wednesday, 17 November 2010 သျှမ်းသံတော်ဆင့်


ပြည်သူ့စစ်လက်မခံသည့် အပစ်ရပ် သျှမ်းပြည်တပ်မတော် (SSA) နယ်မြေအနီးသို့ ချဉ်းကပ်သည့် မြန်မာစစ်တပ်များ ပြန်လည်ဆုတ်ခွာသွားဖွယ်ရှိကြောင်း SSA တပ်မှူးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။



ရွေးကောက်ပွဲ မတိုင်ခင်က ကျောက်မဲအခြေစိုက် စကခ ၁ လက်အောက်ခံတပ်များက SSA လှုပ်ရှားနယ်မြေ မိုင်းကောဝ် အနီးတစ်ဝိုက် တိုးချဲ့ချထားရာ ယခုရက်ပိုင်းအတွင်း အဆိုပါတပ်များ တန့်ယန်းမြို့သို့ ပြန်လည်ဆုတ်ခွာသွားသည်ဟု ၎င်း တပ်မှူးကဆိုသည်။


“အရင်လာချထားတဲ့တပ်တွေ မတွေ့တော့ဘူး တန့်ယန်းဘက်ပြန်ဆုတ်သွားတယ်ထင်တယ် ခပ်များများ ရုပ်သွားတယ်လို့ ထင်တယ် အရင်တစ်ခေါက်ကတော့ ၀မ့်ဟိုင်းဋ္ဌာနချုပ်နားအထိ တိုးချလာတာတွေ့ရတယ်” ဟု ဆိုသည်။

ထိုကာလက စကခ ၁ လက်အောက်ခံ နည်းဗျူဟာ ၁ ခုနှင့် တပ်ရင်း ၃ ရင်း အပါအ၀င် အရှေ့မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် လက်အောက်ခံ စစ်ဗျူဟာ ၂ ခုသည် တန့်ယန်း ၊ မိုင်းရယ်နှင့် မိုင်းကောဝ်ဒေသများသို့ ၀င်ရောက်သွားကြောင်း စစ်ရေး နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောကလည်း ပြောသည်။

တန့်ယန်းမြို့သည် နအဖစစ်ဗျူဟာ အခြေစိုက်ရာ ရှေ့တန်းစခန်းဖြစ်သဖြင့် ထိုဒေသနှင့်ထိစပ်နေသော SSA လှုပ်ရှား နယ်မြေများသို့ အချိန်မရွေး ၀င်ထွက်သွားလာနိုင်ကြောင်း သိရသည်။

ယခုလ ၁၅ ရက်နေ့က မန္တလေးဘက်မှ သိန္နီမြို့သို့ နအဖတပ်မ ၃၃ လက်အောက်ခံတပ်များ ကား ၂၀ စီးခန့် ရောက်ရှိ သွားကြောင်း စစ်ဘက်သတင်းရပ်ကွက်များ အဆိုအရသိရသည်။

အပစ်ရပ် သျှမ်းပြည်တပ်မတော်နှင့် နအဖတို့ကြား လွန်ခဲ့သည့် လပိုင်းမှ စ၍ အနည်းဆုံး တိုက်ပွဲ ၄ ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး နိုဝင်ဘာလ ၁၁ ရက်နေ့က နောက်ဆုံးတစ်ကြိမ်ဖြစ်ပွားခဲ့ရာ နှစ်ဘက်အသေအပျောက်များ ရှိခဲ့သည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)