Thursday, November 4, 2010

ထိုင်း-မြန်မာ နယ်စပ် လုံခြုံရေး တိုးမြှင့်

စိုင်းဇွမ်ဆိုင်း Wednesday, 03 November 2010


ရွေးကောက်ပွဲ အကြိုကာလ၌ ထိုင်း-မြန်မာ နယ်စပ်ရှိ တာချီလိတ်၊ မြဝတီနှင့် ကော့သောင်း မြို့များတွင် လုံခြုံရေး တိုးမြှင့်ချထားကြောင်း သတင်းရရှိသည်။

“ရွေးကောက်ပွဲ မဲပေးတဲ့နေ့မှာ ဗုံးခွဲတာတို့ ဘာတို့ ဖြစ်မှာစိုးလို့ လုံခြုံရေးတွေ တိုးထားတယ်။ အဓိကကတော့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားနားမှာ ပိုများတယ်”ဟု ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ် မြို့ခံတဦးက ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလက ထိုင်း-မြန်မာ နယ်စပ် မဲဆောက်-မြဝတီ ချစ်ကြည်ရေး တံတားပေါ်တွင် ခြေလျင် ဖြတ်သန်းနေကြသော မြန်မာနိုင်ငံသားများကို တွေ့ရစဉ်။ ထိုချစ်ကြည်ရေးတံတားကို မြန်မာ အာဏာပိုင်များက ဇူလိုင်လ ၁၈ ရက်နေ့ကတည်းက ပိတ်ထားပြီး ပြန်မဖွင့်သေးပေ။ (ဓာတ်ပုံ - Getty Images)

လုံခြုံရေး တိုးမြှင့်ခြင်းကို တာချီလိတ် အခြေစိုက် စစ်တပ်က တာဝန်ယူထားခြင်းဖြစ်ပြီး မသင်္ကာပါက သယ်ဆောင် လာသည့် ပစ္စည်းများကို ဖွင့်လှစ်၍ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ ယခင်က ယင်းကဲ့သို့ စစ်ဆေးမှုမျိုး မရှိကြောင်း တာချီလိတ်ဒေသခံများထံမှ သိရသည်။

တနင်္သာရီတိုင်း ကော့သောင်းမြို့တွင်လည်း အလားတူ လုံခြုံရေးတိုးမြှင့်ထားမှုများရှိသည်ဟု ထိုင်းနိုင်ငံဘက်အခြမ်း ရနောင်းမြို့ရှိ မြန်မာနိုင်ငံသားများက ဆိုသည်။

ဒေသခံတဦးက “အခုတလောမှာ နယ်စပ်ဂိတ် ပိတ်မယ်လို့ ကောလာဟလတွေ ထွက်နေတယ်။ ဒါပေမယ့် ရွှေ့ပြောင်း အလုပ်သမားတွေက ယာယီနိုင်ငံကူးလက်မှတ်တွေ လာလုပ်ကြတော့ ပိတ်လို့ မရသေးဘူးနဲ့တူတယ်။ အခုထိတော့ ဖွင့်ထားဆဲပဲ”ဟု ပြောသည်။

ကော့သောင်းမြို့မှ ကာရာအိုကေဆိုင်များနှင့် နိုက်ကလပ်များကို ည ၁၁ နာရီတွင် ပိတ်ရန် ဒေသအာဏာပိုင်များက ညွှန်ကြားထားပြီး၊ မြို့ခံများကိုလည်း ခရီးမထွက်ရန် တားမြစ်ထားကြောင်း သိရသည်။

ကရင်ပြည်နယ် ဘားအံမြို့အခြေစိုက် တပ်မ ၂၂ မှ တပ်များ ယခင်သီတင်းပတ်မှစ၍ ကော့သောင်းမြို့သို့ ရောက်ရှိ လာပြီး ကော့သောင်းမြို့ အဝင်အထွက် လုံခြုံရေးကို တာဝန်ယူထားသည်ဟု သိရှိရသည်။

ကရင်ပြည်နယ် မြဝတီမြို့၊ ဘုရားသုံးဆူ နယ်စပ်တွင်လည်း ရဲနှင့်စစ်သားများ ပါဝင်သည့် ပူးပေါင်းလုံခြုံရေးအဖွဲ့များ တိုးမြှင့်ချထားကြောင်း၊ အဆိုပါပူးပေါင်းအဖွဲ့များက ကင်းလှည့်စစ်ဆေးမှုများ ပြုလုပ်ကြောင်း တိုးတက်သော ဗုဒ္ဓ ဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ဝင်တဦးက ဧရာဝတီသို့ ပြောသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့နှင့် မြဝတီမြို့ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေးတံတား ပိတ်ထားဆဲဖြစ်သော်လည်း လုံခြုံရေး တိုးမြှင့်ထားကြောင်း သိရှိရသည်။

မဲဆောက်မြို့မှ မြန်မာနိုင်ငံသားတဦးက “ရွေးကောက်ပွဲ နီးလာပြီဆိုတော့လည်း အစိုးရ လုပ်နေကျအတိုင်း စစ်သားတွေနဲ့ လုံခြုံရေး ထပ်တိုးထားတာပေါ့။ အရင်တုန်းက ပြောခဲ့သလို ရွေးကောက်ပွဲပြီးရင် တံတားပြန်ဖွင့်မယ်ဆိုတာ မသေချာသေးဘူး။ ရွေးကောက်ပွဲအပြီးမှာ နောက်ထပ် ၆ လလောက် ထပ်ပိတ်ထားဦးမယ်လို့ ကြားတယ်” ဟု ပြောသည်။

ဇူလိုင်လ ၁၈ ရပ်နေ့မှ စတင် ပိတ်ထားခဲ့သော မြဝတီ-မဲဆောက် တံတား ပိတ်ထားသဖြင့် ယင်းလမ်းကြောင်းမှ ထိုင်း-မြန်မာ ကုန်စည်စီးဆင်းမှုများ ရပ်တန့်ခဲ့ပြီး ခန့်မှန်းခြေ ထိုင်းဘတ် သန်းပေါင်း ၇၂၀၀ ခန့် ဆုံးရှုံးနစ်နာမှုများ ရှိသည်ဟု တာ့ခ်ခရိုင် ကုန်သည်ကြီးများအသင်းမှ ပြောဆိုခဲ့သည်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကို အကြမ်းဖက်ဖြိုခွဲရာတွင် အဓိက ပါဝင်ခဲ့သည့် တပ်မ ၆၆ နှင့် တပ်မ ၇၇ တို့ကို ရန်ကုန်တိုင်း တောင်ဒဂုံ၊ မြောက်ဥက္ကလာပနှင့် တောင်ဥက္ကလာပ မြို့နယ်များတွင် လုံခြုံရေးတာဝန်ချထားကြောင်း ဒေသခံများထံမှ သိရှိရသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)