Tuesday, November 23, 2010

တော်လှန်ရေးစိတ်ဓာတ် မွေးရန် ဒေါ်အောင်ဆန်းစုကြည် ပြော

ဧရာဝတီ Monday, 22 November 2010
နိုဝင်ဘာ ၂၀ ရက်နေ့က ၀ါရင့် သက်ကြီး နိုင်ငံရေးသမားကြီးများကို ဒေါ်အောင်ဆန်းစုကြည် လက်ဆောင်ပစ္စည်းများဖြင့် ဂါရ၀ ပြု ကန်တော့ နေစဉ်(ဓာတ်ပုံ - AP)

မြန်မာ ပြည်သူများအနေနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ၂၁ ရာစု ဒုတိယ ပင်လုံညီလာခံ အောင်မြင်ရေးအတွက် တော်လှန်ရေး စိတ်ဓာတ်မွေးမြူပြီး ဆုံးခမ်းတိုင်သည်အထိ နိုင်ငံရေးလုပ်ဆောင်ရမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်သည်။

 ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်ရှိ သခင်သိန်းဖေ၏ နေအိမ်တွင် နိုဝင်ဘာလ ၂၀ ရက်နေ့က အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီ အင်အားစုများအဖွဲ့က ဦးစီးကျင်းပသော ၀ါရင့်နိုင်ငံရေးသမားကြီးများ သက်ကြီးပူဇော်ပွဲ တက်ရောက်စဉ် ဒေါ်အောင်ဆန်းစုကြည် က ထိုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။



“တော်လှန်ရေးဆိုတာက အပြောင်းအလဲကြီးတခုပဲ။ သိသာတဲ့ အပြောင်းအလဲကြီးတခုပဲ။ အဲဒီလို အပြောင်းအလဲတွေက ကျမတို့ ကမ္ဘာကြီးတည်သရွေ့ ရှိနေမှာပဲ။ ကျမတို့ အားလုံးမှာ တော်လှန်ရေး စိတ်ဓာတ်မွေးတယ်ဆိုတာက အဲဒါကို ပြောတာပဲ။ ခေတ်နဲ့ အညီ ကိုယ့်ရဲ့တာဝန်ကို ဆုံးခန်းတိုင်အောင် ဆက်ပြီး ထမ်းဆောင်သွားချင်တဲ့စိတ်ပဲ”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။


အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒုတိယ ပင်လုံညီလာခံ ခေါ်ယူနိုင်ရေးအတွက် ပြည်သူ အားလုံး စုစည်းဆောင်ရွက်ရမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။


အခမ်းအနားသို့ ၀ါရင့်နိုင်ငံရေးသမားကြီး စုစုပေါင်း ၂၇ ဦး ဖိတ်ကြားခဲ့သော်လည်း တချို့မှာ ကျန်းမာရေး မကောင်းမွန်သည့် အတွက် တက်ရောက်နိုင်ခြင်း မရှိပေ။


ကန်တော့ခံ ၀ါရင့်နိုင်ငံရေးသမားကြီးများမှာ သခင်သိန်းမောင်၊ သခင်သိန်းဖေ၊ သခင်ချန်ထွန်း၊ ဦးညွန့်သိမ်း၊ နိုင်ငွေသိမ်း၊ ဗိုလ်အောင်နိုင်၊ ဦးအုံးမောင်(ရွှေတောင်)၊ ဗိုလ်ညို၊ ဦးထွေးမြင့်၊ ဦးလွင်၊ ဦးတင်ဦး၊ ဦးအောင်ရွှေ၊ ဦးဝင်းတင်၊ ဦးလှဖေ၊ ဦးလွန်းတင်၊ ဦးညွှန့်ဝေ၊ နိုင်ထွန်းသိန်း၊ ဦးအာပီသောင်း၊ ဦးမောင်မောင်ကြီး၊ ဦးထွန်းကြွယ်၊ ဦးအုံးမောင်(ဘဏ်)၊ ဦးသန်းတင်၊ ဦးဖေသန်း၊ သခင်လှကွန်း၊ ဒဂုန်တာရာ၊ ဦးတင်(ကျုံပျော်)၊ ဦးဘဆွေ(မြောင်းမြဘဆွေ) တို့ ဖြစ်သည်။


အဆိုပါ အခမ်းအနားတွင် ချင်းတိုင်းရင်းသား ဦးကျင့်ရှင်းထန်က တိုင်းရင်းသားခေါင်းဆောင်များ လက်မှတ်ရေးထိုးထားသော ကလေးမြို့ ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေး သဘောတူညီချက်ကို ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်ပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေးတွင် ဦးစီးခေါင်းဆောင် ဆောင်ရွက်ရန် တာဝန်ပေးအပ်သည်။


အခမ်းအနား တက်ရောက်ခဲ့သည့် ၀ါရင့် နိုင်ငံရေးသမားကြီးတဦးက ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုအောက်တွင် ကမ္ဘာနှင့် မြန်မာပြည်သူများ လက်ခံနိုင်သော ပြည်ထောင်စု အစစ်အမှန်နှင့် ဒီမိုကရေစီ အစစ်အမှန် ရမည်ဟု ယုံကြည်ကြောင်း ပြောဆိုသည်။


ယင်း အခမ်းအနားတွင် ဦးဖြိုးမင်းသိန်း ဦးဆောင်သော လူငယ် နိုင်ငံရေးသမားများက ဒေါ်အောင်ဆန်းစုကြည်ကို ဂါရ၀ ပြု ကန်တော့ကြသည်။


ဝါရင့် နိုင်ငံရေးသမားကြီးများ သက်ကြီးပူဇော်ပွဲသို့ ပြည်တွင်းပြည်ပ သတင်းထောက်များ၊ နိုင်ငံရေး အသိုင်းအ၀ိုင်းများ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီဝင်များ၊ အရပ်ဝတ် ရဲ အထူးသတင်းတပ်ဖွဲ့ ၀င်များ အပါအ၀င် လူအင်အား ၁၅၀ ကျော် တက်ရောက် ခဲ့ကြသည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)