Monday, November 29, 2010

မြန်မာစစ်တပ်နဲ့ DKBA တိုက်ပွဲသစ်ကြောင့် ဒုက္ခသည်တွေ ထိုင်းနိုင်ငံ ထွက်ပြေး

ဗွီအိုအေ (မြန်မာဌာန) တနင်္ဂနွေ, 28 နိုဝင်ဘာ 2010

မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှု အသစ်တွေကြောင့် ဒေသခံရွာသား ၁,၀၀၀ ကျော်လောက်ဟာ  နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲ ထွက်ပြေးလာခဲ့ကြကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
 
 
ထိုင်း၊ မြန်မာ နယ်စပ်က သောင်ရင်းမြစ်ကို လှေတွေနဲ့ ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့ကို တနင်္ဂနွေနေ့ကပဲ ထွက်ပြေးလာကြတာပါ။
မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ ကရင်ဗုဒ္ဓဘာသာ တပ်မတော် (DKBA) တပ်ဖွဲ့တချို့တို့ တိုက်ပွဲတွေ စနေနေ့ နှောင်းပိုင်းမှာ ဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံရွာသားတွေ ထွက်ပြေးလာကြတာလို့လည်း ဆိုပါတယ်။
ဒါဟာဆိုရင် ဒီလအတွင်း ပဋိပက္ခမှုတွေက ရှောင်ရှားပြီး ဒုက္ခသည်တွေ ထိုင်းနိုင်ငံထဲ ထွက်ပြေးလာတာ ဒုတိယအကြိမ် ဖြစ်ပါတယ်။
မြန်မာစစ်အစိုးရက နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် ရွေးကောက်ပွဲ ကျင်းပတဲ့ နိုဝင်ဘာလ ၇ ရက်နေ့မှာ နယ်စပ်မြို့ဖြစ်တဲ့ မြ၀တီက အစိုးရရုံးတချို့ကို DKBA တပ်ဖွဲ့တွေက စီးနင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့ရာက နောက်ဆက်တွဲ မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ဒုက္ခသည် ၂၀,၀၀၀ လောက် ထိုင်းနိုင်ငံထဲ ထွက်ပြေးခဲ့ကြပါတယ်။ ဒီအထဲက အများအပြားကတော့ တိုက်ပွဲတွေ ရပ်တန့်သွားတဲ့အတွက် နေရပ်ရင်း ပြန်သွားခဲ့ကြတာပါ။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကတော့ ဒုက္ခသည်တွေ ဘေးကင်းလုံခြုံမှု ရှိတယ်ဆိုတာ အာမခံနိုင်မှသာ နေရပ်ရင်း ပြန်ဖို့ စီစဉ်သင့်တယ်လို့ အဲဒီအချိန်တုန်းက သတိပေးခဲ့တာ ဖြစ်ပါတယ်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)