Sunday, December 19, 2010

နေပြည်တော် တည်ဆောက်ရေး လက်ဝါးကြီးအုပ်ထားသည့် ကုမ္ပဏီများ အကျိုးဖြစ်

နရီလင်းလက် Saturday, 18 December 2010

နေပြည်တော် အထူးစီမံကိန်းများ အကောင် အထည်ဖော်ရေး စီမံကိန်းတွင် လက်ဝါးကြီးအုပ် တည်ဆောက်ခွင့် ရနေသည့် ဆောက်လုပ်ရေးကုမ္ပဏီကြီးများမှာ ကျပ်သိန်းပေါင်းထောင်ချီ၍ အကျိုးစီးပွား ဖြစ်ထွန်းနေကြောင်း သိရသည်။

pg34-burma-AP_54858a
စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများ ပိုင်ဆိုင်သော ဆောက်လုပ်ရေး ကုမ္ပဏီကြီး ၁၀ ခုမှ နေပြည်တော် တည်ဆောက်ရေး လုပ်ငန်းခွင်ကြီး တခုလုံးကို တည်ဆောက်ခွင့် ရရှိနေခြင်း ဖြစ်ကြောင်း နေပြည်တော်ဝန်ထမ်း အသိုင်းအ၀န်းမှ သိရသည်။
ဦးဇော်ဇော် (မက်စ်မြန်မာ)၊ ဦးအောင်ခမ်းထီ (နေပြည်တော်
ဆောက်လုပ်ရေး)၊ ဦးတေဇ (ထူးကုမ္ပဏီ)၊ ဦးခင်ရွှေ (ဇေကမ္ဘာကုမ္ပဏီ)၊ ဦးကျော်ဝင်း (ရွှေသံလွင် ထရေးဒင်း)၊ ဦးဌေးမြင့် (ယုဇန ကုမ္ပဏီ)၊ ဦးချစ်ခိုင် (ဧဒင်)၊ ဦးရန်ဝင်း (အေ၀မ်းကုမ္ပဏီ) တို့သည် အဓိက တာဝန်ယူ တည်ဆောက်ခွင့်ရထားသည်။
“ဥပမာ မက်စ် ကုမ္ပဏီက ဧက ၅၀၀၀ လောက်ရှိတဲ့ အကျယ်မှာ လွှတ်တော် အဆောက်အအုံ၊ သမ္မတအိမ်တော် အဆောက် အအုံတွေ ခွင့်ရတယ်ဆို ပြီးသွားရင် သူ့အတွက် သိန်း သောင်းနဲ့ချီပြီး အမြတ်ကျန်တယ်။ ဒါကြောင့်လည်း တချို့ကုမ္ပဏီတွေဆို ဗိုလ်ချုပ်တွေကို လာဘ်ထိုးပြီး တည်ဆောက် ခွင့်ရအောင် ကြိုးစားကြတာတွေ ရှိတယ်” ဟု စစ်ဘက်ဆိုင်ရာ အရာရှိတဦးက ပြောသည်။

အဆိုပါ အထူးစီမံကိန်းများ ဆောက်လုပ်ရန် ဆောက်လုပ်ရေး ကုမ္ပဏီကြီးများအား တင်ဒါခေါ်ယူ၍ တည်ဆောက်ခွင့် လျှောက်ထားရန် ချထားပေးခြင်းမျိုးမဟုတ်ဘဲ စစ်အာဏာပိုင်များက ယုံကြည်စိတ်ချသည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများကိုသာ တည်ဆောက်ခွင့်ပေးခြင်းကြောင်းလည်း သိရသည်။

“မြေပုံနဲ့ ဆောက်ရမယ့် အဆောက်အအုံ ပုံစံကို ပြတယ်။ ကုန်ကျစရိတ်က ဘယ်လောက် ရှိနိုင်မယ်၊ ဘတ်ဂျက်ချပေးတယ်။ ဘယ်နေ့ အပြီးအပ်ရမယ်ဆိုပြီး ပြောတယ်။ အဲဒီပုံစံနဲ့ သွားတာ” ဟု တည်ဆောက်ရေး လုပ်ကိုင်ခွင့်ရ ကုမ္ပဏီတခုမှ ဝန်ထမ်းတဦးက ပြောသည်။

၎င်းက “အဓိက ကုမ္ပဏီကြီး ၁၀ ခု အောက်မှာ ကုမ္ပဏီ ၆၂ ခုရှိတယ်။ ကုမ္ပဏီကြီးတွေ မနိုင်လို့ ချပေးမှ အောက်က ကုမ္ပဏီတွေက လုပ်ခွင့်ရတာ။ အာဏာပိုင်တွေလာလို့ ဆောက်လုပ်ရေးအခြေအနေ ရှင်းပြတာက အစက နာမည်ခံထားတဲ့ ကုမ္ပဏီကြီးကပဲ လုပ်တာ။ လူကြီးတွေ အနေနဲ့ သိတာကတော့ ၁၀ ခုပဲ” ဟု ဆိုသည်။

ယခု လွှတ်တော် အဆောက်အအုံ၊ သမ္မတ အိမ်တော်၊ ဒုသမ္မတ အိမ်တော်၊ ရုံးအဆောက်အအုံကြီးများ၊ ဗဟိုဘဏ်၊ စစ်သမိုင်းပြတိုက်၊ တိရိစ္ဆာန်ရုံနှင့် အဆောက်အအုံ အများစု ပြီးစီးနေပြီး ၀န်ထမ်းအိမ်ယာနှင့် ရန်ကုန်မြို့ရှိ စိမ်းကဲ့ကန်သာ  ဧည့်ရိပ်သာကဲ့သို့ ဧည့်ရိပ်သာများ ဆက်လက်ဆောက်လုပ်နေကြောင်း သိရသည်။

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တွင် ဆောက်လုပ်သွားမည့် နိုင်ငံတော် ဧည့်ရိပ်သာများ တည်ဆောက်ခွင့်ကို ရန်ကုန် အေးရှားပလာဇာ ပိုင်ရှင်၊ အေးရှားအိပ်စ်ပရက် ကုမ္ပဏီမှ တည်ဆောက်ခွင့်ရရှိထားသည်။

“နေပြည်တော်မှာ အမျိုးသား ကဇာတ်ရုံဆောက်ဖို့တွေတော့ ကျန်သေးတယ်။ အထူးစီမံကိန်းမှာ သိန်းပေါင်း ထောင်ချီ ကျန်ပေမယ့် တဖက်မှာလည်း တာဝန်ယူ လုပ်ရတဲ့ ကုမ္ပဏီက တာဝန်ကြီးတယ်။ ဟိုတယ်ဇုန်ကနေ ဘုရားဘက်ကို သွားတဲ့လမ်းဆို ပြီးတာကြာပြီ။ အခုအထိ ပြင်လို့မပြီးသေးဘူး။ လူကြီးတွေ သွားတဲ့လမ်းဆိုတော့ မကြိုက်တာနဲ့ ခဏခဏ ပြန်ပြန်ပြင်နေရတာ။

ဝန်ထမ်းအိမ်ရာဆိုလည်း အဲလိုပဲ အပြောင်းအရွှေ့တွေက ရှိနေတော့ တခုခု ပျက်ရင် ဒီကုမ္ပဏီတွေက တာဝန်ယူပြီး ပြန်ပြန် လုပ်ပေးနေရတာ။ ဒီလိုအပိုင်းတွေတော့ ရှိတယ် ” ဟု နေပြည်တော်စီမံကိန်းမှ အင်ဂျင်နီယာတဦးက ပြောသည်။

နေပြည်တော်ကို ၂၀၀၂ ခုနှစ်က စတင် တည်ဆောက်ခဲ့ပြီး ၂၀၀၅ ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံ၏ မြို့တောာ်အဖြစ် စစ်အစိုးရက သတ်မှတ် ပြောင်းရွှေ့လိုက်ခြင်းဖြစ်သည်။ ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ စစ်အစိုးရက ၀န်ကြီးဌာနများနှင့် ၀န်ထမ်းများကို နေပြည်တော်သို့ ပြောင်းရွှေ့စေခဲ့သည်။

No comments:

Post a Comment

Download Karen or Burmese Fonts by clicking link Above

Karen Song (Dick Dick)